Sunday, November 24, 2013

၃၆

ဆင်ရိုင်းများ ဖမ်းဆီးစေခိုင်းခြင်းသည် ဆင်ကောင်ရေ လျော့နည်းမှု အန္တရာယ်နှင့် ကြုံတွေ့နိုင်သဖြင့် နဂိုရှိပြီး ဆင်များအား သားဖောက်မွေးမြူ၍ လုပ်ငန်းခွင်တွင်သာ အသုံးပြုသင့်

သစ်လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော ဆင်များအား စေခိုင်းရန်အတွက် ဆင်ရိုင်းများကို ဖမ်းဆီးမွေးမြူခြင်းသည် သက်တမ်းတိုပြီး လုပ်ငန်းခွင်တွင် ခိုင်းစေမှု အသုံးချမှုများ၌ အဆင်မပြေသည့်အပြင် ဆင်ကောင်ရေ လျော့နည်းမှုနှင့် ကြုံတွေ့နိုင်သဖြင့် နဂိုရှိထားသော ဆင်များအား သားဖောက်မွေးမြူကာ လုပ်ငန်းခွင်များတွင် အသုံးပြုသင့်ကြောင်း ဆင်သုတေသနပညာရှင် ပါမောက္ခ ဒေါက်တာ ဒေါ်ခိုင်ဦးမာက ပြောကြားသည်။

"သစ်လုပ်ငန်းမှာ ဆင်တွေက မရှိမဖြစ် လိုအပ်တယ်။ ဒါပေမဲ့ တောထဲမှာ လွတ်လွတ်လပ်လပ် နေထိုင်တတ်တဲ့ ဆင်တွေကို ဖမ်းပြီးတော့ လုပ်ငန်းတွေမှာ အသုံးပြုတာကတော့ မဖြစ်သင့်ဘူး။ သူတို့တွေက လုပ်ငန်းရဲ့ ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကြောင့် ပုံမှန်နေနိုင်တဲ့ အသက်ထက် လျော့ပြီးတော့ သေဆုံးကြတယ်။ အဲ့ဒီလိုသာ ဆက်သွားမယ် ဆိုရင်တော့ ဆင်တွေက လျော့နည်းလာနိုင်တယ်။ အဲ့ဒီပြသနာတွေ ဖြေရှင်းချင်ရင်တော့ နဂိုရှိပြီးသား ဆင်တွေကိုပဲ သားဖောက် မွေးမြူတာက ပိုမိုအကျိုးရှိနိုင်တယ်။ အဲ့ဒီဆင်တွေက မွေးကတည်းက လူတွေနဲ့ နီးနီးကပ်ကပ် ဖြစ်တဲ့အပြင် လုပ်နိုင်တဲ့ စွမ်းအားကလည်း ဆင်ရိုင်းတွေထက် ပိုမိုလုပ်ဆောင်နိုင်တယ်" ဟု ၎င်းက ဆိုသည်။

ဆင်ကောင်ရေ လျော့နည်းစေသည့် အကြောင်းအရင်းများသည် အစာအဟာရနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ရာသီဥတု ပြောင်းလဲမှု ကိစ္စရပ်များ၊ ဖိုမဆိုင်ရာ ပြောင်းလဲမှုများ၊ ဖမ်းဆီးခြင်း၊ လုပ်ငန်းခွင်အတွင်း ခိုင်းစေနိုင်ရန် ထိန်းကျောင်း သင်ကြားခြင်းများ၊ အလုပ်နှင့် ပတ်သက်သော ဖိအားများကြောင့် ဖြစ်ကြောင်း သိရသည်။

သဘာဝ သစ်တောများအတွင်း လွတ်လပ်စွာ သွားလာနေထိုင်သော ဆင်များ၏ သက်တမ်းသည် ၆၀ ခန့်ရှိရာမှ လူတို့ ဖမ်းဆီးမွေးမြူပြီး နောက်ပိုင်းတွင် သက်တမ်း၏ ထက်ဝက်ခန့်သာ နေထိုင်ရကြောင်းလည်း သိရသည်။

ပြည်တွင်းရှိ တိရစ္ဆာန် မွေးမြူရေးစခန်းများ၊ တိရစ္ဆာန်ရုံများတွင် မွေးမြူထိန်းသိမ်းထားသည့် ဆင်ကောင်ရေသည် ၁၁၉ ကောင်ရှိကြောင်း ယခုနှစ် ထုတ်ပြန်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။ ကမ္ဘာနှင့်အ၀န်းရှိ လူအုပ်ချုပ်သော အာရှဆင်ကောင်ရေ၏ ရာခိုင်နှုန်း ၄၀ သည် မြန်မာနိုင်ငံတွင်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနပိုင် ဆင်ကောင်ရေသည် ၂၈၅၅ ကောင်ရှိကြောင်း၊ အခြားသော ပုဂ္ဂလိကပိုင် ဆင်ကောင်ရေသည် ၁၉၀၀ ရှိကြောင်း တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

(ဖမ်းဆီးထိန်းသိမ်းထားသော ဆင်မကြီးနှင့်အတူ ဆင်သားပေါက်လေးအား တွေ့ရစဉ်)

No comments:

Post a Comment