Friday, November 29, 2013

ၾသစေတးလ် မြန်မာမွတ်ဆလင်အသိုင်းအ၀ိုင်းက မေးခွန်းများထဲမှ တစ်ခု


  • ( Opera House - Sydney ၾသစေတးလ် )
    ****************************************************
    မေး ။ ။ ကျနော်က သြစတေးလျ မြန်မာမွတ်ဆလင်အသိုင်းအ၀ိုင်းက ဖြစ်ပါတယ် ။ ကျနော်မေးချင်တာကတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဘာသာရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီးတော့ပါ ။ အထူးသဖြင့် မြန်မာပြည်က မွတ်ဆလင်လူနည်းစုအပေါ် အကြမ်းဖက်မှုတွေအကြောင်းဆိုပါတော့ခင်ဗျာ ။ ဒီအကြမ်းဖက်မှုတွေ မငြိမ်သက်မှုတွေဟာ လက်ရှိအစိုးရက ဒေါ်စုနဲ့ NLD ကို နိုင်ငံရေးမှာ နာမည်သေသွားအောင် ၊ ဒေါ်စုရဲ့ နိုင်ငံရေးလမ်းကြောင်း ပျက်စီးသွားအောင် တမင်လုပ်နေတာလို့ ထင်ပါသလား ။

    -ဒီအခြေအနေကို ကာကွယ်ဖို့ ဒေါ်စုနဲ့ NLD အနေနဲ့ ဘာတွေများလုပ်နေပါသလဲ ။ -နောက်တစ်ခုကတော့ အမျိုးသားရင်ကြားစေ့ရေးအကြောင်းကို ပြောကြတဲ့အခါ မတူကွဲပြားတဲ့ဘာသာကို ကိုးကွယ်သူများကြားမှာ ရင်ကြားစေ့ရေးလည်း ပါဝင်ပါတယ်လို့ ပြောလို့ရပါတယ် ။ သူတို့ကြားထဲမှာ ကြောက်လန့်မှုတွေ မယုံကြည်မှုတွေ ရှိနေတယ်လို့ သိရပါတယ် ။ သြစတေးလျလိုတိုင်းပြည်အနေနဲ့ ဒီအခြေအနေကို လွန်မြောက်အောင် ဘာတွေများ ကူညီနိုင်တယ်လို့ ထင်ပါသလဲ ။


    ဖြေ ။ ။ ကျမပြောခဲ့သလိုဘဲ မြန်မာပြည်မှာ ရာနှုန်းပြည့် ပွင့်လင်းမြင်သာမှု မရှိသေးပါဘူး ။ ပွင့်လင်းမြင်သာမှု မရှိတော့ Conspiracy theories (ရှုပ်ထွေးနက်နဲတဲ့ ပူးပေါင်းလုပ်ကြံမှုလို့ ယူဆပြီး ခန့်မှန်းချက်ပေးခြင်း) တွေ အမြဲတမ်း ရှိတတ်ပါတယ် ။


    အုပ်စုအချင်းချင်း အကြမ်းဖက်တိုက်ခိုက်ကြတာတွေ ၊ တင်းမာမှုတွေ ဘာကြောင့်များဖြစ်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထင်ကြေးပေးတာတွေ ရှိနေတယ်ဆိုတာ ကျမ သိပါတယ် ။


    ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ လမ်းလွဲသွားအောင် လုပ်ချင်တဲ့ လူတွေကများ ဒီပြသာနာတွေကို ပိုဆိုးအောင် လုပ်နေသလား ၊ ဒီလို လုပ်ခြင်းအားဖြင့် နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်မရအောင် လုပ်နေတာလား စသဖြင့် မှန်းဆတာတွေ ရှိနေပါတယ် ။


    ဒါပေမယ့် ဒါတွေအားလုံးဟာ မှန်းဆက်ချက်တွေ သက်သက်သာ ဖြစ်ပါတယ် ။ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ ပြနိုင်တဲ့ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မရှိပါဘူး ။ တစ်ဖက်ကလည်း အုပ်စုတစ်ခုခုက ရည်ရွယ်ချက် ရှိရှိ လုပ်မနေပါဘူးလို့လည်း သေသေချာချာ ပြောဖို့ အထောက်အထားမရှိပြန်ပါဘူး ။


    ဒီတော့ ကျမတို့အနေနဲ့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ထားရမှာပေါ့ ။ ဒါပေမယ့် အရေးကြီးတာက တိုင်းပြည်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုမှန်သမျကို အစိုးရက တာဝန်ယူဖို့ပါ ။ တိုင်းပြည်ဥပဒေနဲ့ ဆန့်ကျင်တဲ့အဖြစ်အပျက်မှန်သမျကို အစိုးရက တာဝန်ယူဖို့ လိုပါတယ် ။ စောစောက ပြောခဲ့သလိုဘဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက လုံလောက်တဲ့ တာဝန်ယူမှုတွေ လုပ်နေတယ်လို့ ကျမ မထင်ပါဘူး ။


    အမျိုးသား ရင်ကြားစေ့ရေးကို ကျမပြောတဲ့အခါ တိုင်းရင်းသားအဖွဲ့အားလုံး ၊ လူမျိုးအားလုံး ၊ အဖွဲ့အစည်းတွေအားလုံး ၊ နိုင်ငံရေးအင်အားစုအားလုံး ကြားမှာ ရင်ကြားစေ့တာကို ပြောတာပါ ။ ဒါကြောင့်ဘဲ အမျိုးသားရင်ကြားစေ့ရေး ဆိုတာထဲမှာ စစ်တပ်နဲ့ အရပ်သားနိုင်ငံရေးအင်အားစုတွေကြား ရင်ကြားစေ့ရေးလည်းပါတယ်လို့ ကျမပြောခဲ့ပါတယ် ။


    ဒါပေမယ့် ဒီလို ရင်ကြားစေ့ရေးကို ဖော်ဆောင်မြှင့်တင်ရာမှာ သြစတေးလျတစ်ခုတည်းရဲ့အကူအညီကိုသာ ကျမတို့လိုအပ်တာ မဟုတ်ပါဘူး ။ တစ်ကမ္ဘာလုံးက ကျမတို့ကို နားလည်ပေးဖို့ လိုပါတယ် ။


    ဒီတင်းမာမှုတွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ကြောက်ရွံမှုတွေနဲ့ မုန်းတီးမှုတွေ ရှိနေပါတယ် ။ ဒါတွေကို ဖယ်ရှားဖို့ဆိုရင် လုံခြုံစိတ်ချရတဲ့ဝန်းကျင်တစ်ခုကို အစိုးရအနေနဲ့ ဖန်းတီးပေးရပါမယ် ။ လုံခြုံစိတ်ချအန္တရာယ်ကင်းတယ်လို့ မခံစားရဘဲနဲ့ သူတို့ရဲ့အကြောက်တရားတွေ ၊ မုန်းတီးမှုတွေကို လက်လွှတ်ဖြေလျှော့ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။


    ကျမအနေနဲ့ ပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်ပါတယ် ။ မတူကွဲပြားတဲ့တိုင်းရင်းသားတွေ ရင်ကြားစေ့ရာကတစ်ဆင့် ၁၉၄၈ မှာ တိုင်းပြည်လွတ်လပ်ရေးကို ပြန်ရခဲ့တယ်ဆိုတာ ကျမတို့ မမေ့ကြသေးဘူး ထင်ပါတယ် ...... ကျမကတော့ လုံးဝ မမေ့ပါဘူး ။


    မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ ၊ မတူညီတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါဝင်ပြီး မှ လွတ်လပ်ရေး ရလာတာပါ ။ အမျိုးသားစည်းလုံးညီညွတ်ရေးကနေ တဆင့်လွတ်လပ်ရေးကို ရလာတာပါ ။ အခုလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကနေတဆင့်ဘဲ တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ် ။


    ဒီတော့ သြစတေးလျရော ၊ တစ်ကမ္ဘာလုံးပါ ကျမတို့ ဒီ အမျိုးသားစည်းလုံးညီညွတ်ရေးကို ရအောင်လုပ်ရာမှာ ကူညီဖို့ လိုပါတယ် ။


    လက်ရှိအစိုးရကိုလည်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို သတိပေးတိုက်တွန်းပေးဖို့လိုပါတယ် ။ ကျမတို့ကို တာဝန်ယူစေချင်တယ်ဆိုရင်တော့ ကျမတို့ကို အစိုးရလုပ်ခိုင်းလိုက်တာ ကောင်းပါလိမ့်မယ် ( ရယ်သံများ ) ။


    မူရင်း ဘာသာပြန်ပေးသူ Spring Flowers

    ပြန်လည်မျှဝေပေးပါတယ်.
    လေးစားလျက်
    28.11.2013 — with Ko Rarzar and 49 others.
    13Like ·  · 

No comments:

Post a Comment