Thursday, November 28, 2013

ရဲဘော်သုံးကျိပ်ဝင်များအနက် နောက်ဆုံးကျန်ရှိသူ ဗိုလ်ရဲထွဋ် ကွယ်လွန်



ရဲဘော်သုံးကျိပ်ဝင်များအနက် နောက်ဆုံး ကျန်ရှိသူဖြစ်သော ဗိုလ်ရဲထွဋ်မှာ နိုဝင်ဘာ ၂၇ ရက်(အမျိုးသားနေ့) ည ၉ နာရီမိနစ် ၂၀ အချိန်တွင် ရန်ကုန်မြို့ရှိ သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏သားဖြစ်သူ ဦးကျော်ကျော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

"ည ၉ နာရီ ၂၀ မိနစ်က သုခကမ္ဘာဆေးခန်းမှာ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားခဲ့တာပါ။ မနက်ဖြန်နံနက် ရေဝေးကို ပို့ဆောင်မှာ ဖြစ်ပါတယ်"ဟု ဦးကျော်ကျော်က နိုဝင်ဘာ ၂၇ ရက်ည ၁၀ နာရီခွဲအချိန်က ပြောကြားသည်။

ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ တာမွေလေးတွင် ဦးဘိုးလွင်၊ ဒေါ်စောရှင်တို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ကာ ရန်ကုန်မြို့ ကန်တော်ကလေး မြူနီစပယ်ကျောင်းမှ ဆယ်တန်းအောင်ခဲ့ကြောင်း သိရသည်။ ၁၉၃၈-၄၀ ပြည့်နှစ်တွင် မြူနီစီပယ်ကျောင်း သပိတ်ခေါင်းဆောင်၊ မြူနီစီပယ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့ကာ ၁၉၄၁ ဧပြီ ၁၃ ရက်တွင် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန် သွားရောက်ခဲ့ပြီး ဒုတိယအသုတ်ဖြင့် ထွက်ခွာသွားခဲ့သည်။

ဘီအိုင်အေတွင် တပ်မဟာ(၃)တပ်မှူး၊ ဘီဒီအေတွင် တပ်ရင်း(၁)တပ်မှူး၊ ၁၉၄၄-၄၅ ခုနှစ်တွင် တပ်ရင်း(၅)တပ်ရင်းမှူး၊ စစ်ဦးစီးဌာနချုပ် အထွေထွေဌာနကြီးမှူး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် တိုင်း(၆) တိုင်းမှူး၊ ၁၉၄၆-၄၇ ခုနှစ်တွင် ဗမာ့တပ်မတော်၌ တပ်ရင်း (၅) တပ်ခွဲမှူး၊ လွတ်လပ်ရေး ရပြီးနောက် သနက(၃)တပ်ခွဲမှူး၊ တပ်ရင်းမှူး တာဝန်တို့ကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ရဲထွဋ်သည် သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)၊ အရေးတော်ပုံတံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ လွတ်လပ်ရေး မော်ကွန်းဝင်(ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမအဆင့်)တို့ကို ရရှိခဲ့ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် (၉၂)နှစ် ရှိနေပြီဖြစ်ပြီး သားနှစ်ယောက် ကျန်ရှိခဲ့ကာ ဦးကျော်ကျော်နှင့် ဦးအောင်အောင် တို့ဖြစ်သည်။ ၎င်း၏ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်တွင် ရေဝေးသုဿာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment