Thursday, November 28, 2013

လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေဆိုတာ



(Written by - ဒေါက်တာခင်မောင်ညို )

တစ်နေ့သ၌ ကိုဘသစ်နှင့် စာရေးဆရာအချို့ အောင်ပရိယတ္တိ စာသင်တိုက်ကို ရောက်သွားလေသည်။ ဆရာတော်နှင့် တွေ့သည်။

"စာရေးဆရာတွေကို စောင့်နေတာ"

ကိုဘသစ်တို့ကို နေရာပေးသည်။

"ဒီမှာတော့ အစုံရှိတယ်။ ဒါပေမဲ့ စာပေဟောပြောပွဲမရှိသေးလို့ ကလေးတွေကို မြင်ဖူးရအောင် လုပ်ရတာပါ" ဟု ဆရာတော်က ရှင်းပြသည်။

ကျောင်းသား တစ်ထောင်ကျော်ကို ခန်းမထဲထည့်ထားသည်။ စုစုပေါင်း နှစ်ထောင်ကျော် ပညာသင်နေသော ပရဟိတ ဘုန်းတော်ကြီး ကျောင်းပညာရေးကို သင်ပြပေးနေသော ကျောင်းဖြစ်သည်။

မြန်မာ့ဆိုင်းဝိုင်းကြီးလည်း ရှိသည်။ ဆိုင်းသံဖြင့် ကြိုသည်။

"စာရေးဆရာ လယ်တွင်းသား စောချစ်တို့ကိုတွေ့ပြီး စီစဉ်သေးတယ်။ သူတို့လည်း အချိန်မရကြဘူး။ ဆရာတို့လာကြတာ ကျေးဇူးပါပဲ"

"အရှင်ဘုရား တပည့်တော်တို့ ဒီလောက် ကြီးကျယ်တဲ့ကျောင်းကို မတွေ့ဖူးသေးဘူး"

ခမ်းနားကြီးကျယ်သည်တော့ မဟုတ်ပါ။ လှိုင်သာယာရှိ ရပ်ကွက်ငယ်တစ်ခု၏ သဘာဝအတိုင်း ဆင်းရဲသည့် အငွေ့အသက်များသာ ထင်ဟပ်နေပါသည်။

လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်း ပေးနေခြင်းသာ ဖြစ်သည်။

စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ လက်သမားသင်တန်း၊ ဆိုင်းတွေ အငြိမ့်တွေ ဇာတ်ပွဲတွေကအစ ဒီမှာသင်ပေးသည်။ ကားပြင်လုပ်ငန်း၊ ဘော်ဒီရုံပါရှိသည်။

"ဘော်ဒီရုံတို့ ၀ပ်ရှော့တို့ရှိတာက ဒီက နာရေးကားတွေကို ဘယ်သူကမှ မပြင်လို့ပါဘဲ။ ခုတော့ ၀ါသနာပါတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေတာပေါ့"

စာကြည့်တိုက်တစ်ခုကိုလည်း ထားရှိပါသည်။

မှန်ပါသည်။ ဒီအရပ်က ဆရာဝန် အင်ဂျင်နီယာတွေ တစ်ယောက်တလေတော့ ဖြစ်လာပါမည်။ အများစုကတော့ သေစာရှင်စာ ဖတ်ရုံမက အတွေးအမြင်ရှိသော စာတွေကို ဖတ်တတ်လာမည်။
အသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်ဖို့ ဆရာတော်က လမ်းပြထားရှိသည်။

ကျောင်းသားက နှစ်ထောင်၊ ကျောင်းအိပ်ကျောင်းစား ဘော်ဒါနေသည့် ကလေးတစ်ရာကျော်ရှိသည်။ ဆရာ၊ ဆရာမဦးရေ က ၆၅ ယောက်။

စွန့်ပစ်ကလေးများကိုလည်း မွေးထားသးသည်။

ဤမျှသောပမာဏကို ဆရာတော် ဘယ်လိုလုပ်ပြီး စောင့်ရှောက်ထားပါသလဲ။ မေတ္တာကြီးမားခြင်းမှသာ စောင့်ရှောက်နိုင်မည် ဖြစ်သည်။ အစီအမံ အကြံအစည်များ ပြည့်စုံပါသည်။ ဆရာတော့် ကျောင်းဆရာ၊ ဆရာမလစာသည်ပင် တစ်လသိန်းသုံးဆယ် ကျော်သည်။ ပြုပြင်ထိန်းသိမ်း စရိတ်တွေနှင့် တစ်လသိန်းရာကျော်နိုင်ပါသည်။

ဆရာတော်က ကိုဘသစ်တို့ဆီမှ အလှူမခံပါ။ ဟောပြောသည့်အတွက် ဂုဏ်ပြုလက်မှတ် မျက်နှာသုတ်ပ၀ါ၊ ဆေးဝါး၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာကအစ စွန့်လိုက်သည့်အပြင် စာရေးဆရာ တစ်ယောက်ကို ငွေငါးသောင်းကိုလည်း စွန့်ပါသေးသည်။

"ဒီကျောင်းမှာ တစ်ရက်ဆွမ်းကျွေးရင် ဘယ်လောက်ကုန်လဲ" ကပ္ပိယတစ်ယောက်ကို မေးရသည်။

"နှစ်သိန်းပါ"

စာရေးဆရာများက စွန့်ငွေနှင့်အတူ အလှူငွေထပ်မံထည့်ဝင်ကာ ဆွမ်းကျွေး ပါဦးမည်။

"ဒါနဲ့ အရှင်ဘုရား၊ ဒီအတွက် အလှူငွေတွေ ဘယ်ကရလဲ"

"အဖွဲ့အစည်းတွေက အများဆုံးလှူတယ်။ ကုမ္ပဏီတွေလည်း လှူတယ်။ နိုင်ငံခြားကတော့ ဒေါ်လာတွေနဲ့ လာလှူပါတယ်"

"မှန်ပ။ သူတို့အတွက်တော့ ဒေါ်လာတစ်ရာဟာ မများပါဘူး"

"ဟုတ်တယ်။စုပေါင်းလိုက်တော့ များလာတယ်။ ဒီမှာ ဆေးခန်းလည်း ဖွင့်တယ်။ ဆရာဝန်လာထိုင်တယ်။ စမ်းသပ်ခတော့ ပေးရတယ်။ ကျပ် ၅၀၀ ပါပဲ"

"တပည့်တော်တို့ ဘာကူရမလဲ"

"ရပါတယ်။ ဒီမှာ နိုင်ငံရေးသမားတွေပဲ နှောင့်ယှက်တာ"

"ခုလား"

"အရင်ကပါ။ နာဂစ်ဖြစ်တုန်းက ဒီကျောင်းကို ဒေါ်လာငါးသောင်း လာလှူတယ်။ အစိုးရက တိုက်ရိုက်အလှူမခံရဘူးဆိုပြီး သူက အလှူငွေတွေကို သိမ်းလိုက်တယ်"

"ပြန်မပေးဘူးလား"

"ပေးပါတယ်။ တစ်ဒေါ်လာ ခုနစ်ကျပ်နဲ့ဆိုတော့ သုံးသိန်းခွဲလာပေးတယ်"

"ဘုရား ဘုရား" စာရေးဆရာတစ်ယောက် ဘုရားတသည်။ မောင်ဘသစ် ကြံကြံဖန်ဖန် စကားတောင်းစားကို စဉ်းစားမိသည်။ စကားတောင်းစားငယ်ငယ်က မဟုတ်တာကို လုပ်သည့်အတွက် ဘုန်းကြီးရိုက်သည်။

သူက "ရတနာနှစ်ပါး ကယ်ပါဘုရား" ဟုသာ တသည်။

ထိုအခါဘုန်းတော်ကြီးက "ဟေ့ကောင် ရတနာသုံးပါးရှိတယ်ကွ" ဟု ကြိမ်းလိုက်သည်။ ထိုအခါ စကားတောင်းစားက "ရတနာသုံးပါးရှိပေမယ့် တစ်ပါးက ရိုက်နေတော့ ကျန်နှစ်ပါးကိုပဲ အကူအညီတောင်းရတာပေါ့" ဟုဖြေလေသည်။
"တစ်ဒေါ်လာ ခုနစ်ကျပ်နှင့် ငွေကျပ်သုံးသိန်းခွဲ လာပေးတယ်ဆိုတော့လည်း သံဃာ ဘာမှမတတ်နိုင်ပါ"ဟု စဉ်းစားမိသည်။

တကယ်တော့ ရတနာသုံးပါးစလုံး မကယ်နိုင်ပါ။

ဓာတ်ငွေ့ရောင်းရငွေ တစ်နှစ်ကို ဒေါ်လာ သန်းသုံးထောင်ရသည့် အခါတွင်လည်း တစ်ဒေါ်လာကို ခြောက်ကျပ်ခွဲ၊ ခုနစ်ကျပ်ဖြင့်လဲပြီး ပြည်သူ့ဘဏ္ဍာအဖြစ် ထည့်ပေးပါသည်။

စင်စစ် ငွေကျပ်သန်းပေါင်း သုံးသန်း (သန်း ၃၀၀၀ç၀၀၀) ကျော်ရသင့်ပါသည်။ သို့သော် ကျပ်ငွေသန်း ၂၁,၀၀၀ သာ ရရှိခဲ့သည်။ ကျပ်ငွေသန်း ၂၉၈၀,၀၀၀ သည် တစ်စုံတစ်ယောက် အိတ်ထဲကို ရောက်သွားလေသည်။ မြန်မာပြည် ဘတ်ဂျက်သည် လိုငွေပြနေသည်။ နှစ်ပေါင်းများစွာ ဒီငွေများဖြင့် လူတစ်စုကို ချမ်းသာအောင် ဆောင်ရွက်ပေးခဲ့ပါပြီ။

သူတို့တွေ ပြည်သူတွေကို ပြန်ကြည့်ဖို့ လိုသည်။

ရပိုင်ခွင့်တွေယူသည်။

လုပ်ပိုင်ခွင့်များဖြင့် ပြည်သူတွေကို ပြန်တိုက်ခိုက်သည်။

ဒီလုပ်ရပ်တွေကို ရှက်သင့်ပါပြီ။

ကျောင်းကောင်းကောင်းမရှိပါ။ Unicef ကပြောသည်။ ဓာတ်ငွေ့ရောင်းရငွေ ၀ ဒသမ ၁ ရာခိုင်နှုန်းကိုသုံးလျှင် တစ်ကျောင်းတွင် ဆရာ၊ ဆရာမတစ်ယောက် ခန့်နိုင်သတဲ့။ ကိုးရက်စာကိုသုံးလျှင် ကျောင်းပေါင်း ၁၄၉၀ ကို ဆောက်နိုင်သတဲ့။ ဆေးဝါးတွေမရှိသော ပြည်သူ့ဆေးရုံများကို ကျွန်တော်တို့အားလုံး မျက်ဝါးထင်ထင် မြင်နေရသည်။

လူ့အဆင့်မမီသော နေထိုင်မှုတွေ၊ စားစရာမရှိသူတွေ၊ သောက်ရေသုံးရေ မလုံလောက်သူတွေ၊ အလုပ်လက်မဲ့တွေ ဒါတွေကို ကိုဘသစ်တို့အစိုးရ လျစ်လျူရှုထားကြသည်။

"ကျွန်တော်တို့ ပြည်သူတွေအတွက် သတင်းစာတွေ ထုတ်နေပါသည်" ဟု သူတို့ ပြောတာကြားဖူးသည်။ ထိုသတင်းစာသည် ဘက်လိုက်သည်။ မမျှတ။ ပြည်သူ့ပိုက်ဆံ ပြည်သူ့ဘတ်ဂျက်ကိုသုံးကာ အစိုးရ၀ါဒ ဖြန့်သည်။
ဒီမိုကရေစီဆိုသည်မှာ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေကို ပြည်သူကပေးထားတာပါ။ ပြည်သူအတွက် ဘာတွေလုပ်ပေးမှာလဲ။ အစိုးရကိုမှာလိုပါသည်။ Corrupt ဖြစ်တယ်ဆိုတာ အကျင့်မကောင်းတာကို ပြောတာပါ။ ဒါကိုထိန်းဖို့ ကြိုးစားကြပါ။ စံနမူနာပြသည့် လူကောင်းများ ဖြစ်လာပါစေ။

No comments:

Post a Comment