Wednesday, November 27, 2013

ဂျာမနီနိုင်ငံမှ မာစီဒီးနှင့် ဂျပန်နိုင်ငံမှ ဆူမီတိုမို ကုမ္ပဏီတို့ လျှော်ဖြူမှ ထုတ်လုပ်သည့် ကားမှန်စက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ဆွေးနွေးနေ

ဂျာမနီနိုင်ငံမှ မာစီဒီး ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ဆူမီတိုမို ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင် ကားမှန်စက်ရုံ လာရောက်တည်ဆောက်ရန် သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကားပစ္စည်းစက်ရုံ နှစ်ခုသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အဓိက ထွက်ရှိသည့် ဆေးကုလားမခေါ် လျှော်ဖြူကို အခြေခံ ကုန်ကြမ်းအဖြစ် သုံးပြု၍ ကားမှန်ပြုလုပ်သည့် Glassfiber စက်ရုံ လာရောက်တည်ဆောက်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

"ဆူမီတိုမိုက ကားပစ္စည်းစက်ရုံ လာတည်မယ်။ မာစီဒီးနဲ့က ဆွေးနွေးနေတယ်။ လျှော်ဖြူက ကားမှန်လုပ်တဲ့ Glassfiber ဖြစ်တာတော့ သေချာတယ်။ ဓာတုဗေဒ ပါမောက္ခတွေရဲ့ စစ်တမ်းတွေနဲ့ သူတို့ကိုယ်တိုင် စစ်ဆေးဖို့ လျှော်ဖြူတွေကို ပို့ပေးဖို့ လုပ်နေတယ်။ နောက်သူတို့က စက်ရုံအတွက် ကုန်ကြမ်းအလုံအလောက် မရမှာ စိတ်ပူနေကြတော့ ကျွန်တော်တို့က အလုံအလောက် ပေးမယ်လို့ စာချုပ်ချုပ်ဖို့ ပြောထားတယ်" ဟု FREDA မှ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

ထိုကဲ့သို့ ကားပစ္စည်း စက်ရုံများ လာရောက်တည်ဆောက်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီး ယခုမှ ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Glassfiber ထုတ်လုပ်သည့် စက်ရုံများကို မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးရှိ မကွေးမြို့နှင့် မင်းဘူးမြို့တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်ရှိ ပြည်မြို့တွင် လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်တွင် လည်းကောင်း လာရောက်လုပ်ကိုင်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။

"သူတို့တွေ စက်ရုံလာတည်ရင် ကုန်ကြမ်းထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ပမာဏရဖို့ အာမခံထားတယ်။ ကုန်ကြမ်းလိုအပ်ချက်အတွက် လျှော်ဖြူကို မဖြစ်မနေ စိုက်ကြရတော့မှာ ဖြစ်တဲ့အတွက် တောသူတောင်သားတွေလည်း အလုပ်အကိုင်ရမယ်။ လျှော်ဖြူအပြင် အခြားအပင်တွေပါ စိုက်လာရင် ပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်မှုတွေ ရလာမယ်။ အလုပ်အကိုင်ရပြီး ပတ်ဝန်းကျင်လည်း မထိခိုက်တဲ့အတွက် Green Economy Green Growth လို့ ပြောလို့ရတယ်" ဟု FREDA မှ ဥက္ကဋ္ဌဦးအုန်းက ဆိုသည်။

အဆိုပါ ဆေးကုလားမခေါ် လျှော်ဖြူကို အဓိက ထွက်ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်သော မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ကျောက်ပန်းတောင်းမြို့ မြင်းခြံမြို့များအပြင် တောင်တွင်းကြီး၊ မင်းတုန်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment