Thursday, November 28, 2013

ထိုင်းနယ်စပ် မောတောင်ဒေသကို ဧကခုနစ်ထောင် အကျယ်ရှိ မြို့ပြအဖြစ် ဖော်ထုတ်မည်



တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ်အတွင်းရှိ မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်ဒေသကို မြို့ပြအဖြစ် တည်ဆောက်သွားရန် ဧက ၇၀၀၀ ကျော်အား သတ်မှတ်တိုင်းတာပြီး ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွင့်လှစ်ခဲ့သည့် မောတောင်ဒေသမှာ ကျေးရွာအဆင့်လည်းမဟုတ် မြို့ပြအဆင့်လည်း မရောက်သည့်အတွက် ဒေသအနေဖြင့်သာ ခေါ်ဝေါ်သုံးစွဲနေကြပြီး မောတောင်ဒေသမှာ မြို့ပြအဆင့်သို့ တည်ဆောက်ရန်အတွက် မြို့ဧရိယာများတိုး ချဲ့ဖို့လိုအပ်နေသောကြောင့် ယခုလအတွင်း အပြီးသတ် တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့ နိုဝင်ဘာ ၂၀ မှာ မောတောင်ဒေသကို မြို့ပြအဖြစ် တည်ဆောက်ဖို့ မြို့ဧရိယာတိုင်းတာမှု သွားရောက်လုပ်ဆောင်ခဲ့ပြီးပါပြီ။ မြို့ဧရိယာအတွက် အားလုံး ဧက ၇၂၆၀ တိုင်းတာပြီး သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြလိုက်ပါပြီ ဧရိယာ အနေထားအရ မြို့နယ်အဆင့်က တိုင်းတာပေးလို့ရပေမယ့် မြို့ပြပုံစံ ဆွဲဖို့ကျတော့ အိုးအိမ်ကနေ ပုံစံချဖို့လိုပါမယ်"လို့ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက နိုဝင်ဘာ ၂၇ ရက် တွင် ပြောကြားခဲ့သည်။ မောတောင်ဒေသမှာ မူလက ဧက ၁၁၆၄.၅၅ ဧကရှိပြီး အစိုးရမှ မြို့ပြတည်ဆောက်သွားရန်အတွက် မြို့ဧရိယာအား ဧက ၄၀၀၀ မှ ၇၀၀၀ အထိ ရှာပေးရန် ညွန်ကြားထားခဲ့ကြောင်း သိရသည်။

ယခုလက်ရှိ မောတောင်ဒေသတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး အခြေချနေထိုင်မှု များပြားလာနေသောကြောင့် အိမ်ရာဈေးနှုန်းများလည်း ဈေးကောင်းလာနေကြောင်း သိရသည်။

(ထိုင်း- မြန်မာနယ်စပ် မောတောင်ဒေသအား တွေ့ရစဉ်)

No comments:

Post a Comment