Wednesday, November 27, 2013

၂၂၅

သူရိယနေ၀န်းဂျာနယ်မှ ပြည်သူလူထုတစ်ရပ်လုံးထံသို့ ရှင်းလင်းပြန်ကြားလွှာ
သူရိယနေ၀န်းဂျာနယ်သည် ၁၉၈၈ (၈၈၈၈ အရေးတော်ပုံ) ကြီးတွင် တက်ကြွစွာ ဦးဆောင်ခဲ့ကြသော ကျောင်းသားခေါင်းဆောင်ဟောင်းများမှ ဦးဆောင်ထုတ်ဝေနေသော ဂျာနယ်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အခြေခံမူ (၅) ချက်မှာ - (၁) ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်။ (၂) မြန်မာပြည်သူလူထု အားလုံးလက်ခံယုံကြည် အားကိုး သော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာစေရန်။ (၃) မတရားသော အခွင့်အရေးများ ရယူ၍ ကြီးပွား လာသော ခရိုနီများနှင့် ခရိုနီစနစ်ဆိုးအား ပြည်သူနှင့် လက်တွဲ၍ အမြစ်ဖြုတ်ရန်။ (၄) ၂၀၁၅ တွင် တရား မျှတသော၊ လွတ်လပ်သော ရွေးကောက်ပွဲကျင်းပနိုင်ရန်နှင့် ပြည်သူလူထုတစ်ရပ်လုံးလက်ခံသော အစိုးရ အဖွဲ့ နှင့် လွှတ်တော်ပေါ်ပေါက်လာစေရန်။ (၅) မြန်မာပြည်တွင် အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်း ကွယ်ပျောက် သွား စေရန်။ တို့ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သူရိယနေ၀န်းဂျာနယ်အား ခရိုနီများ၊ မလိုလားသူများမှ ဘက် ပေါင်းစုံမှ နှောက်ယှက်ဟန့်တားဖျက်စီးတိုက်ခိုက်လျက်ရှိပါသည်။
(၁) သူရိယနေ၀န်းဂျာနယ် CEO ဦးမိုးဟိန်းမှ လည်းကောင်း၊ အယ်ဒီတာအဖွဲ့ဝင်အားလုံးမှ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ကမ္ဘာအရပ်ရပ်မှ မည်သည့်စီးပွားရေးလုပ်ငန်းရှင်၊ ငွေရှင်ကြေးရှင် ခရိုနီစီးပွားရေးသမား မည်သူ တစ်ဦးတစ်ယောက်ထံမှ ငွေကြေးထောက်ပံ့ကူညီမှု တစ်ပြားတစ်ချပ်မှ ရယူထားခြင်း၊ ချေးယူထားခြင်း လုံးဝမရှိပါကြောင်း။
(၂) ကျွန်ုပ်တို့ သူရိယနေ၀န်းဂျာနယ်သည် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းများမှ တက်နိုင် သရွှေ့ ထည့်ဝင်မတည်ငွေများဖြင့်သာ ရပ်တည်ထုတ်ဝေနေခြင်းဖြစ်ပါသည်။
(၃) ကျွန်ုပ်တို့ သူရိယနေ၀န်းဂျာနယ်မှ မြန်မာပြည်၏ ၉၉% ဖြစ်သော၊ ဆင်းရဲသားအများစုဖြစ်သော ဆိုက်ကားသမား၊ ပဲပြုတ်သည်အစရှိသည်တို့ကို အစုရှယ်ယာပါဝင်နိုင်အောင် စေတနာသက်သက်ဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည်ဟု ကြေငြာထားပါသည်။ မြန်မာနိုင်ငံတ၀န်းမှ သူရိယနေ၀န်း ဂျာနယ်သို့ အစုရှယ်ယာဝင်လိုသူများအနေဖြင့် ၎င်းတို့ အစုရှယ်ယာဝင်လိုခြင်းမှာ အကျိုးအမြတ် ရယူလိုခြင်းမဟုတ်ဘဲ သူရိယနေ၀န်းဂျာနယ်အခြေခံမူဝါဒနှင့် ရည်ရွယ်ချက်ကို ယုံကြည် လေးစား သော ကြောင့်ဖြစ်သည်ဟုပြောကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အများပိုင်ကုမ္ပဏီကိစ္စသည် ရှေ့နေများ၊ ကျွမ်းကျင်သည့် ပညာရှင်များနှင့် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရ ခွင့်ပြုချက် ရရှိမှသာ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသောကြောင့် ယနေ့ထိ မြန်မာနိုင်ငံ၏ မည်သူတစ်ဦး တစ်ယောက် ထံမှ အစုရှယ်ယာထည့်ဝင်ငွေငွေကြေးတစ်ပြားတစ်ချပ်၊ တစ်စုံတစ်ရာရယူလက်ခံခြင်းမရှိသေးပါ။
(၄) ကျွန်ုပ်တို့ သူရိယနေ၀န်းဂျာနယ်သည် အခက်အခဲပေါင်းများစွာကြားမှ ပြည်သူလူထု၏ အားပေး ထောက်ခံမှုနှင့် မေတ္တာများကြောင့်သာလျှင် ရပ်တည်ရှင်သန်နိုင်ခြင်းဖြစ်ပါသည်။ သို့အတွက် အားပေးကြသော ရဟန်းရှင်လူ၊ ပြည်သူအပေါင်းအား အထူးကျေးဇူးတင်လျက်ရှိပါသည်။

အယ်ဒီတာအဖွဲ့ဝင်နှင့် အဖွဲ့သားများ
သူရိယနေ၀န်းဂျာနယ်

No comments:

Post a Comment