Sunday, November 24, 2013

၆၃

၂၀၁၄ မှစ၍ မန္တလေး ယဉ်ကျေးမှု ဇုန်အတွင်း ရိုးရာယဉ်ကျေးမှုများနှင့် တိုင်းရင်းသားရိုးရာ အကများဖြင့် ခရီးသွားများအား ဆွဲဆောင်ရန် စီစဉ်

၂၀၁၄ ခုနှစ်မှ စတင်ပြီး မန္တလေး ရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကများဖြင့် နိုင်ငံခြားသား ခရီးသွားများအား ဆွဲဆောင်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စီစဉ်ထားပြီး အမျိုးသား ကဇာတ်ရုံတွင် ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

"နိုင်ငံခြားသား ခရီးသွားတွေကို မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတွေကို ပိုမိုသိရှိ လာစေဖို့ အတွက်နဲ့ စင်ပေါ်မှာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ခံစားလို့ ရစေဖို့ အတွက်ပါ စီစဉ်ထားပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းတတ်စေဖို့အတွက် ရည်ရွယ်ထားတာပါ" ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

နိုင်ငံခြားသားများအား ရိုးရာယဉ်ကျေးမှုများဖြင့် ဖျော်ဖြေသွားမည့် အစီအစဉ်များမှာ ရုပ်သေးအက၊ ယင်းရုပ်သေးအကတွင် ထူးခြားမှု အနေဖြင့် မည်သူမျှ ကပြခြင်း မရှိသေးသည့် ဆီမီးခွက် ရုပ်သေးအက၊ ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ သင်္ကြန်အကများ၊ မင်းသားအက၊ ရှမ်းအိုးစည်အက၊ ကရင်ဒုံးယိမ်းအက၊ ကချင်ဂျိန်းဖောအက၊ တောင်တော်ရွှေပုပ္ပါးအက၊ နတ်အကများနှင့် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ရိုးရာယဉ်ကျေးမှု ကပွဲသို့ နိုင်ငံခြားသား ၀င်ရောက်ကြည့်ရှုရာနှင့် ပတ်သက်၍ ၀င်ကြေးကောက်ခံမည့် အစီအစဉ်အား ညှိနှိုင်းဆွေးနွေး နေဆဲဖြစ်ကြောင်း သိရသည်။

(မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးအတွင်း ၀င်ရောက်လည်ပတ် နေကြသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်)

No comments:

Post a Comment