Sunday, November 24, 2013

၉၉၉

စူပါမားကတ်များသို့ အရက်၊ ဘီယာ၊ ၀ိုင်များ တရားမ၀င် အဓိကတင်သွင်း ဖြန့်ဖြူးရောင်းချနေသည်ကို အထောက်အထားနှင့် တိုင်ကြားပါက ဖမ်းဆီး အရေးယူမည်

တရားဝင် တင်သွင်းခွင့် ကန့်သတ်ထားသည့် အရက်၊ ဘီယာစသည့် ကန့်သတ်ကုန်စည်များအား တင်သွင်းနေမှုများကို ဖမ်းဆီးနိုင်ရန် ရန်ကုန်နှင့် မန္တလေးမြို့များရှိ အဓိက ဖြန့်ဖြူးသော လုပ်ငန်းရှင် ၄၀ ၏ကုန်စည်ဖြန့်ဖြူးရာ လမ်းကြောင်းများနှင့် သိုလှောင်ရုံများအား ဖမ်းဆီးနိုင်ရန် မြေပြင်စုံစမ်းမှုများ ပြုလုပ်ထားပြီး တိုင်ကြားပါက ဖမ်းဆီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးနိုင်ရန် လေ့လာမှု ပြုလုပ်ထားသည့် လုပ်ငန်းရှင် ၄၀ မှာ ရန်ကုန်မြို့တွင် လုပ်ငန်းရှင် ၂၀ နှင့် မန္တလေးတွင် လုပ်ငန်းရှင် ၂၀ တို့ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုသည်။

တရားဝင် တင်သွင်းခွင့် ကန့်သတ်ထားသည့် အရက်၊ ဘီယာ၊ ၀ိုင်စသည့် ကန့်သတ်ကုန်စည်များအား တရားမ၀င် ရောင်းချနေသည့် သိုလှောင်ရုံများ၊ ဈေးဝယ်စင်တာများ၊ စူပါမားကတ်များအား လိုက်လံဖမ်းဆီးခွင့် မရှိသေးသော်လည်း အထောက်အထား ခိုင်လုံစွာဖြင့် တိုင်ကြားပါက ဖမ်းဆီးမည်ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက်စသည့် ကုန်စည်များအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းခွင့်ပြုထားပြီး အဆိုပါတင်သွင်းသည့် ကုန်စည်များကိုလည်း တင်သွင်းသည့် ဟိုတယ်တွင်သာ ရောင်းချခွင့်ရှိပြီး ပြင်ပသို့ ရောင်းချခွင့် မရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းရှိ စတိုးဆိုင်များ၊ စူပါမားကတ်များ၊ အပါအ၀င် နေရာတိုင်းနီးပါး၌ ကန့်သတ် ကုန်စည်များဖြစ်သည့် အရက်၊ ဘီယာ၊ ၀ိုင်များအား တရားမ၀င် တင်သွင်းနေသဖြင့် ကျပ်ငွေအနည်းငယ်ဖြင့် အလွယ်တကူ ၀ယ်ယူ သောက်သုံးနိုင်နေကြောင်း သိရသည်။

"တရားမ၀င် တင်သွင်းနေတဲ့ အရက်၊ ဘီယာ၊ ၀ိုင်တွေကို ရောင်းချနေတဲ့ စူပါမားကတ်တွေ၊ သိုလှောင်ရုံတွေကို အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ တိုင်ပါ။ ကျွန်တော်တို့ ဖမ်းပါမယ်။ စူပါမားကတ်တွေကို ဖမ်းဖို့ဆိုတာ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ပါပေမယ့် အခုက အဆင့်နှစ်ဖြစ်တဲ့ ဆိပ်ကမ်းတွေကို ဖမ်းဆီးနေဆဲပါ။ အဆင့်သုံးမှာဆိုရင် လေဆိပ် သိုလှောင်ရုံတွေ၊ ဖြန့်ချိတဲ့ ဒိုင်တွေ စူပါမားကတ်တွေကို ဖမ်းရမှာပါ။ ဒါပေမဲ့ အထောက်အထား ခိုင်လုံစွာနဲ့ တိုင်ရင်ဖမ်းပါမယ်"ဟု ဦးဝင်းလွင်က ဆိုသည်။

ဈေးဝယ်စင်တာများ သိုလှောင်ရုံများတွင် ထားရှိရောင်းချနေသည့် အရက်၊ ဘီယာ၊ ၀ိုင်များအား ဖမ်းဆီးရန်မူ လက်ရှိအနေအထားအရ ခွင့်ပြုမှု လုပ်ဆောင်နိုင်မှုမရှိဘဲ ယခင်နယ်စပ်ဂိတ်များ၊ ပင်လယ်ဆိပ်ကမ်းများတွင် ဖမ်းဆီးစဉ်ကကဲ့သို့ပင် ပညာပေး လုပ်ငန်းစဉ်များနှင့် အရေးယူမည်ဖြစ်ကြောင်း အသိပေးမှုများ စသည့်လုပ်ငန်းအဆင့်များ ကျန်ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအနေနှင့် ဆိပ်ကမ်းများတွင် စတင်ဖမ်းဆီးသည့် စက်တင်ဘာ ၁၅ ရက်မှ လက်ရှိအချိန်ထိ အရေးယူရသော ကုန်စည်အများစုမှာ အရက်ဘီယာဝိုင်များက အများဆုံး ဖြစ်နေကြောင်း သိရသည်။

ထိုသို့ အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက်များ သိုလှောင်မှု၊ ရောင်းချမှုများအား ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးခွဲ ၂၂၈_ ၂၄၀၊ ကမ်းနားလမ်း၊ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ အထောက်အထား ခိုင်လုံစွာဖြင့် တိုင်ကြားနိုင်ပြီး လက်ရှိတွင် ထိုသို့တိုင်ကြားမှုများမှ ငါးမှုအား စစ်ဆေး ဖမ်းဆီးနိုင်ခဲ့ကြောင်း ဦးဝင်းလွင်က ဆက်လက် ပြောကြားသည်။

No comments:

Post a Comment