Sunday, November 24, 2013

၀၉

အစိုးရသစ် စတင် တာဝန်ထမ်းဆောင်သည့် အချိန်မှ ယခုအချိန်အထိ နိုင်ငံတကာ အကူအညီများအဖြစ် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ အများဆုံး ထောက်ပံ့ထားပြီး နှစ်နိုင်ငံ ထောက်ပံ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော်ရှိဟု ထုတ်ပြန်

ပြည်ထောင်စုအစိုးရသစ် စတင် တာဝန်ထမ်းဆောင်သည့်အချိန်မှ ယခုအချိန်အထိ နိုင်ငံတကာ အကူအညီများအဖြစ် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ အများဆုံး ထောက်ပံ့ထားပြီး နှစ်နိုင်ငံထောက်ပံ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော်ရှိဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့သစ် စတင် တာဝန်ထမ်းဆောင်သည့် ၂၀၁၁ ဧပြီ ၁ ရက်မှစ၍ ယခုနိုဝင်ဘာလအထိ နိုင်ငံတကာနှင့် အဖွဲ့အစည်းများထံမှ ရရှိခဲ့သည့် အထောက်အပံ့နှင့် အကူအညီများအနက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၉၁ ဒသမ ၂၄ သန်း ရရှိခဲ့ပြီး အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ်နှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံချက်များအတွက် အကူအညီပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် အမေရိကန်နိုင်ငံမှ ကျန်းမာရေးနှင့် ပညာရေး၊ ဒီမိုကရေစီနှင့် အုပ်ချုပ်မှု၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး၊ မီဒီယာစသည့် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ရှိခဲ့ပြီး ဒုတိယအများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗြိတိန်နိုင်ငံမှ ကူညီထောက်ပံ့ငွေ စတာလင်ပေါင် ၈၇ သန်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထောက်ပံ့ငွေ ယွမ် ၂၄၁ ဒသမ ၁၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၂ သန်း၊ ကိုရီးယားနိုင်ငံမှ အကူအညီ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၅ သန်း၊ အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄၄ သန်း၊ သြစတြေးလျနိုင်ငံမှ အမေရိကန် ဒေါ်လာ ၆၀ ဒသမ ၁ သန်း၊ ဂျာမနီနိုင်ငံမှ ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအပါအ၀င် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၈၂ သန်း၊ အီးယူနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၉၇ သန်း စသည်ဖြင့် ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံကြွေးမြီ ပြန်လည်ပေးဆပ်ရန် စီစဉ်နေချိန်တွင် အကြိုကာလအနေဖြင့် အမေရိကန်ဒေါ်လာ ၈၀ သန်းကို လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ရန် အကူအညီ ပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံတကာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီများရ ယူအသုံးပြုရာတွင် ထိရောက်မှုရှိရေး၊ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုအတွက် စနစ်တကျ အသုံးပြုနိုင်ရေးတို့အတွက် စနစ်တကျ ဆောင်ရွက်လျှက် ရှိကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် အဖွဲ့အစည်းများမှ ပေးအပ်သည့် အကူအညီ အထောက်အပံ့များ ထိရောက်မှုရှိစေရန် စောင့်ကြပ်ကြည့်ရှုလျှက် ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment