Sunday, November 24, 2013

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင်ဖြည့်စွက် ပြောင်းလဲရန် စတင်ရေးဆွဲနေ

24.11.2013

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင်ဖြည့်စွက် ပြောင်းလဲရန် ရေးဆွဲနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် ဌာနမှ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ယခင် ပြဋ္ဌာန်းထားသည့် တရားမ၀င်သော နည်းလမ်းများဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေမှ ခေတ်နှင့်လျော် ညီခြင်း မရှိသည့် ဥပဒေများ၊ ကန့်သတ်ထားသည့် ဥပဒေများ၊ စီးပွားရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် သူများကို ကာကွယ်သည့် ဥပဒေနှင့် ရာဇ၀တ်မှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်သည့် စသည့်ဥပဒေများ ပါဝင်ကြောင်း သိရသည်။

"အရင်ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ ခေတ်နဲ့ မညီတော့တဲ့ အချက်တွေ ရှိနေတယ်။ ဥပမာ အရင်တုန်းကဆိုရင် နိုင်ငံခြားငွေတွေကို တရားဝင် ကိုင်သုံးခွင့် မရှိဘူး။ အခုဆိုရင် ငွေလဲကောင်တာတွေကို တရားဝင် ဖွင့်လှစ်ပေးနေပါပြီ။ အရင်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေထဲက ပုဒ်မတစ်ခုချင်းစီကိုအသေးစိတ် လေ့လာနေတယ်။ ပြင်သင့်တာတွေကို ပြင်ဆင်သွားဖို့ ဆောင်ရွက်နေတယ်။ အခု အခြေအနေက စီးပွားရေးကို လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ကောင်းတဲ့သူကို ကာကွယ်နိုင်တဲ့ ဥပဒေကို ပြင်ဆင်သွားမယ်။ ရာထူးနဲ့ သြဇာကို အလွဲသုံးပြီး တရားမ၀င် ရရှိလာတဲ့ ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမယ့် သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ အချက်အလက်တွေကိုလည်း ထည့်သွင်းရေးဆွဲ နေပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်လို့ ရတဲ့ ငွေ၊ ခါးပိုက်နှိုက်၊ လူသတ်လို့ရတဲ့ ငွေကြေးတွေကလည်း ငွေ မည်းဖြစ်တယ်။ ဒါကြောင့် အဲ့လိုမျိုး ဒုစရိုက်ကနေတစ်ဆင့် ရရှိတဲ့ ငွေတွေနဲ့ စားသောက်ဆိုင် ဖွင့်တာပဲဖြစ်ဖြစ် အထည်ဆိုင် ဖွင့်တာပဲဖြစ်ဖြစ် ဒါတွေကို ပိတ်သိမ်းပြီး အရေးယူသွားမှာပါ" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် ဌာနမှ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ဖြည့်စွက်ရာ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ငွေကြေးနှင့် သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများနှင့် တာဝန်ရှိသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

နိုင်ငံဖြတ်ကျော် ဌာနမှ ဌာနမှူး ရဲမှူးချုပ် စိုးမြိုင်က ဆက်လက်၍ "ဒီဥပဒေကို ပြင်ဆင်ဖို့ ရေးဆွဲတဲ့ အခါမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံး ပါဝင်သွားမှာ ဖြစ်တယ်။ ဥပဒေ ပြင်ဆင်လို့ ပြီးသွားရင် ဒီဥပဒေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ခေတ်နှင့် အညီ ပြင်ဆင်ပြောင်းလဲရန်အတွက် စတင်ရေးဆွဲနေပြီး အတည်ပြုပြီး ပါက ငွေကြေးခ၀ါချမှု ဥပဒေ အမည်ဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment