Friday, November 22, 2013

၄၅


  • လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေအကြောင်း သိကောင်းစရာ

    ဒေါ်ခင်ခင်ညို (ပြည်သူ့အင်အား ဦးစီးဌာန)

    နိုင်ငံတော်တစ်ဝန်းလုံး ခြိမ့်ခြိမ့်သဲသဲ ဆောင်ရွက်ကြတော့မည့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကြီး စတင်တော့မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူခြင်းများကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်နှင့် ၁၉၈၃ ခုနှစ်တွင်တစ်ကြိမ် ကောက်ယူခဲ့ရာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် လိုအပ်သော သန်းခေါင်စာရင်းဥပဒေကို ၁၉၇၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကိုပင် ၁၉၈၃ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း ဆက်လက် အသုံးပြုခဲ့ပါသည်။ သို့ရာတွင် ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းအတွက်ဆိုလျှင် ပြောင်းလဲလာသော နိုင်ငံတော်၏ အခြေအနေနှင့်အညီ ပိုမိုပြည့်စုံသော သန်းခေါင်စာရင်း ဥပဒေလိုအပ်ပါသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်းဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ရန် သန်းခေါင်စာရင်းကောက်ယူခြင်း၊ ယင်းသို့ ကောက်ယူရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကောက်ယူခြင်းနှင့် ယင်းစာရင်းဇယားများကို အခြေခံ၍ နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စများတွင် အကျိုးရှိစွာ အသုံးချခြင်းတို့ပြုနိုင်ရန် ဥပဒေတစ်ရပ် မရှိမဖြစ် လိုအပ်သည့် အတွက် ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၉/၂၀၁၃ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေတွင် အခန်း (၇) ခန်းနှင့် ဥပဒေပုဒ်မပေါင်း (၂၇) ခုပါဝင်သည်။ အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်တွင် ဥပဒေပါစကားရပ်များ၏ အဓိပ္ပာယ်ကိုဖော်ပြထားပါသည်။ အခန်း(၂) သန်းခေါင်စာရင်းကောက်ယူခွင့်ကို ဥပဒေပုဒ်မ ၃၊ ၄ တို့ဖြင့် ပြဋ္ဌာန်းထားရာ အစိုးရအဖွဲ့သည် ဥပဒေပုဒ်မ ၃(က)အရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်ဖြစ်စေ၊ တစ်စိတ်တစ်ဒေသတွင်ဖြစ်စေ သန်းခေါင်စာရင်းကောက်ယူနိုင်သည်။ ဥပဒေပုဒ်မ ၃(က)အရ သန်းခေါင်စာရင်းကောက်ယူရန် ခက်ခဲသော နေရာဒေသများအတွက် ကောက်ယူနိုင်မည့် နည်းလမ်းများကို လေ့လာသုံးသပ်၍ အသင့်လျော်ဆုံးနည်းဖြင့် ကောက်ယူနိုင်သည်ဟု ပါရှိသည်။ ပုဒ်မ ၄ တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန်အတွက် ထည့်သွင်းဆောင်ရွက်ရမည့်မူနှင့် အကြံပြုချက်များကို ဖော်ပြထားပါသည်။ အခန်း(၃) ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဖွဲ့စည်းခြင်းနှင့် ယင်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များတွင် ဥပဒေပုဒ်မ ၅ မှ ၉ အထိပါရှိပြီး ပုဒ်မ ၅ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ဖွဲ့စည်းခြင်း၊ ပုဒ်မ ၆ နိုင်ငံတော်သမ္မတက ဒုတိယသမ္မတတစ်ဦးအား ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ နာယကအဖြစ် တာဝန်ပေးအပ်ခြင်း၊ ပုဒ်မ ၇ အစိုးရအဖွဲ့က ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခြင်း-
    (က) ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
    (ခ) သက်ဆိုင်ရာဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးများ ဒုတိယဥက္ကဋ္ဌနှစ်ဦး
    (ဂ) သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် အဖွဲ့ဝင်များ ဆက်စပ်ဆောင်ရွက်ရမည့် ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများ
    (ဃ) ဒုတိယ၀န်ကြီး အတွင်းရေးမှူးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုဒ်မ ၈ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်းနှင့် ပုဒ်မ ၉ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်းတို့ ပါရှိပါသည်။
    အခန်း(၄) သန်းခေါင်စာရင်းကောက်ယူခြင်းတွင် ပုဒ်မ ၁၀ မှ ပုဒ်မ ၁၃ အထိ ပါဝင်ပြီး ပုဒ်မ ၁၀ အရ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန် သန်းခေါင်စာရင်းတာဝန်ခံအဖြစ် ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို ခန့်အပ်ခြင်းနှင့် ပုဒ်မ ၁၁ တွင် သန်းခေါင်စာရင်း တာဝန်ခံအရာရှိ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ဖော်ပြထားပါသည်။ ပုဒ်မ ၁၂ တွင် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့၊ စာရင်းစစ်များနှင့် စာရင်းကောက်များ၏ လုပ်ပိုင်ခွင့်ကို ပုဒ်မခွဲ(က)တွင်လည်းကောင်း၊ ပြည်သူများမှလိုက်နာဆောင်ရွက်ရမည့် တာဝန်များကို ပုဒ်မခွဲ(ခ) နှင့်(ဂ)တွင်လည်းကောင်း ဖော်ပြထားပါသည်။ ပုဒ်မ ၁၃ တွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အနေဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် စာရင်းစစ်များနှင့် စာရင်းကောက်များကို ခန့်အပ်တာဝန်ပေးရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများဖြစ်သည့် တပ်ရင်းတပ်ဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းထောင်၊ ဆေးရုံ၊ စက်ရုံ၊ အလုပ်ရုံများ၏ တာဝန်ရှိသူ၊ လူမှုရေး၊ ဘာသာရေးနှင့် ပညာရေးဆိုင်ရာ ဌာနအဖွဲ့အစည်းများ၏ တာဝန်ရှိသူ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုခန်း၊ စုပေါင်းအိမ်ရာ၊ စုပေါင်းပိုင်အဆောက်အအုံ၊ အဆောင်၊ အသင်းအဖွဲ့ပိုင်အဆောက်အအုံ စသည်တို့၏ တာဝန်ခံ သို့မဟုတ် မန်နေဂျာ၊ စီးပွားရေးလုပ်ငန်းများ၏ တာဝန်ခံ သို့မဟုတ် မန်နေဂျာ စသူတို့နှင့် ညှိနှိုင်း၍ စာရင်းစစ်များနှင့် စာရင်းကောက်များအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ကြောင်း ဖော်ပြထားပါသည်။
    အခန်း(၅) တားမြစ်ချက်များအခန်းတွင် ပုဒ်မ ၁၄ မှ ၁၈ အထိပါရှိပြီး ပြည်သူတို့၏ကိုယ်ရေးလုံခြုံရေးအတွက် ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့တွင် ဖော်ပြထားရာ ပုဒ်မ ၁၄ တွင် သန်းခေါင်စာရင်းကောက်ယူထားသော အချက်အလက်များနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းနှင့်စာအုပ်များကို သန်းခေါင်စာရင်း ကောက်ယူရန်တာဝန်ရှိသူမှအပ မည်သူမျှစစ်ဆေးခြင်း သို့မဟုတ် ကူးယူသိမ်းဆည်းခြင်းမပြုရဟု ပါရှိပြီး ပုဒ်မ ၁၅ တွင် ဤဥပဒေအရ သန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရဟုပါရှိပါသည်။ ဤပုဒ်မများသည် သန်းခေါင်စာရင်းမေးခွန်းပုံစံတွင်ပါရှိသော မေးခွန်းများကို ဖြေကြားပေးမည့်ပြည်သူတစ်ဦးချင်းစီကို ဥပဒေအရကာကွယ်ပေးထားသော ပုဒ်မများဖြစ်ပါသည်။ ပြည်သူများ၏ဖြေကြားချက်များကို သန်းခေါင်စာရင်း လာရောက်ကောက်ယူသူများမှလွဲ၍ မည်သူမျှသိရှိခွင့်မရှိစေဘဲ သန်းခေါင်စာရင်းဆိုင်ရာ စာရင်းအင်း အချက်အလက်များအတွက်သာ အသုံးပြုခွင့်ရှိပြီး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးမပြုရပါ။ ပုဒ်မ ၁၆ ပုဒ်မခွဲ(က)၊(ခ)နှင့် (ဂ) သည် ပြည်သူများက လိုက်နာဆောင်ရွက်ရန် ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၆ ပုဒ်မခွဲ (က)တွင် မည်သူမျှ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့၊ စာရင်းစစ်များနှင့် စာရင်းကောက်များက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် အဆောက်အအုံအတွင်းသို့ သတ်မှတ်ချိန်အတွင်း ၀င်ရောက်ခြင်းနှင့်အဆောက်အအုံများတွင် လိုအပ်သည့်အမှတ်အသားများ ပြုလုပ်ခြင်းကို နှောင့်ယှက်ခြင်း သို့မဟုတ်ဟန့်တားခြင်းမပြုရဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ခ)တွင် မည်သူမျှ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)အရ မေးမြန်းသော မေးခွန်းများဖြေဆိုရန်နှင့် သတ်မှတ်ထားသော မေးခွန်းပုံစံတွင် ဖြည့်သွင်းရန် ငြင်းဆိုခြင်း၊ သိလျက်နှင့်မှားယွင်းစွာဖြေဆိုခြင်း သို့မဟုတ် မှားယွင်းစွာ ဖြည့်သွင်းခြင်းမပြုရဟူ၍ လည်းကောင်း၊ ပုဒ်မခွဲ(ဂ) သန်းခေါင်စာရင်း ကောက်ယူသည့်အခါ မမှန်မကန်ဖြေဆိုစေရန် မေးခွန်းဖြေဆိုမည့်သူအား တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်း မပြုရဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၁၇ သည် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပါဝင် တာဝန်ထမ်းဆောင်ကြမည့်သူများအတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မဖြစ်ပါသည်။ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ)တွင် မည်သည့်စာရင်းစစ် သို့မဟုတ် စာရင်းကောက်မျှ သန်းခေါင်စာရင်းကောက်ယူရာတွင် သိရှိရသော တစ်ဦးတစ်ယောက်၏ ကိုယ်ရေးအကြောင်းအရာကို ထုတ်ဖော်ခြင်းမပြုရဟု သတင်း အချက်အလက်များလုံခြုံရေး၊ ပြည်သူများ၏ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် ထပ်မံပြဋ္ဌာန်းဖော်ပြထားပါသည်။ ပုဒ် ၁၈ တွင် မည်သူမျှ စာရင်းကောက်အဖြစ် အယောင်ဆောင်ခြင်းမပြုရဟု ပါရှိပါသည်။ အခန်း(၆) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင်မူ အခန်း(၅)တွင် ဖော်ပြထားသော ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ လိုက်နာရန်ပျက်ကွက်လျှင်သော်လည်းကောင်း ကျခံရမည့် ပြစ်ဒဏ်များကို ဖော်ပြထားပါသည်။ ဥပဒေပုဒ်မ ၁၉ မှ ၂၁ အထိပါရှိပါသည်။ ပုဒ်မ ၁၉ အရ မည်သူမဆို ပုဒ်မ ၁၄၊ ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၆ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုဖော်ပြထားပါသည်။ ပြည်သူတို့၏ ကိုယ်ရေးလုံခြုံရေးအတွက်ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မ ၁၄ နှင့် ၁၅ ကိုဖောက်ဖျက်လျှင်သော် လည်းကောင်း၊ ပြည်သူများက လိုက်နာဆောင်ရွက်ရန် ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မ ၁၆ကို လိုက်နာရန် ပျက်ကွက်လျှင်သော် လည်းကောင်း၊ တစ်လထက်မပိုသော ထောင်ဒဏ်သို့မဟုတ် ကျပ်ငါးသောင်း ထက်မပိုသော ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်မျိုးလုံးကျခံရမည် ဖြစ်ပါသည်။ ပုဒ်မ ၂၀ တွင် မည်သည့်စာရင်းစစ် သို့မဟုတ် စာရင်းကောက်မဆို ပုဒ်မ ၁၇ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုဖော်ပြထားပါသည်။ ထို့ကြောင့် ဥပဒေပုဒ်မ ၁၉ နှင့် ၂၀ အရပြဋ္ဌာန်းထားသော ပြစ်ဒဏ်သည် အတူတူပင်ဖြစ်ပါသည်။ သို့ရာတွင် ပုဒ်မ ၂၁ အရ ပုဒ်မ ၁၈ ပါ တားမြစ်ချက်ဖြစ်သည့် မည်သူမျှ စာရင်းကောက်အဖြစ် အယောင်ဆောင်ခြင်းမပြုရဟူသော တားမြစ်ချက်ဖောက်ဖျက်ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ပါသည်။ အခန်း(၇)အထွေထွေပြဋ္ဌာန်းချက်များတွင် ပုဒ်မ ၂၂ မှ ပုဒ်မ ၂၇ အထိ ပါရှိပါသည်။ ပုဒ်မ ၂၂ တွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော အကူအညီ ပေးနိုင်စွမ်းရှိသူတိုင်းသည် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် ကူညီဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ဖော်ပြပါရှိပါသဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအောင်မြင်စေရေးအတွက် ၀ိုင်းဝန်းကူညီကြရန်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ ပုဒ်မ ၂၃ သည် ဤဥပဒေအရဖွဲ့စည်းသော ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်းကော်မတီတို့အနေဖြင့် ဤဥပဒေမပြဋ္ဌာန်းမီ အစိုးရအဖွဲ့က ဖွဲ့စည်းခဲ့သော ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်း ကော်မတီတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆက်ခံဆောင်ရွက်ရန် ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မဖြစ်ပါသည်။ ပုဒ်မ ၂၄ အရ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အဖွဲ့ဝင်၊ ဗဟိုသန်းခေါင်စာရင်း ကော်မတီဝင်၊ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်၏ ကော်မတီဝင်၊ စာရင်းစစ်၊ စာရင်းကောက်နှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်များကို တာဝန်ထမ်းဆောင်ချိန်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် သတ်မှတ်ပေးသည့်ဥပဒေ ဖြစ်ရာ သန်းခေါင်စာရင်းလုပ်ငန်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် မည်သူ့ကိုမဆို တာဝန်ထမ်းဆောင်နေစဉ်အချိန်အတွင်း ပြည်သူ့ဝန်ထမ်းအဖြစ် သတ်မှတ်ပေးသည့်အတွက် ပြည်သူ့ဝန်ထမ်းများရရှိသည့်အခွင့်အရေးအတိုင်း ရရှိစေမည်ဖြစ်ပါသည်။ ပုဒ်မ ၂၅ အရ အစိုးရအဖွဲ့သည် သန်းခေါင်စာရင်း ကောက်ယူရန် လိုအပ်သော ရုံးဝန်ထမ်းအဖွဲ့များကို ဖွဲ့စည်းပေးနိုင်ပြီး ပုဒ်မ ၂၆ အရ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် (က) ၀န်ကြီးဌာနသည် လိုအပ်ပါက နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ၀န်ကြီးဌာနနှင့် ဗဟိုသန်းခေါင်းစာရင်းကော်မရှင်တို့သည် လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားပါသည်။ ပုဒ်မ ၂၇ သည် ၁၉၇၂ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းကြောင်းပြဋ္ဌာန်းထားပါသည်။ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း လုပ်ငန်းကြီးအတွက် ပြဋ္ဌာန်းသော လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်။ ပြည်သူများလွယ်ကူစွာသိရှိနိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။

    ဒေါ်ခင်ခင်ညို (ပြည်သူ့အင်အား ဦးစီးဌာန)

No comments:

Post a Comment