ငါလိုယောင်္ကျား ပြဿဒါးမရှိ shared Ohmar Shin's photo.
ပရာဘာဝသုတ် အချုပ်
- - - - - - - - - - - -
ဘုရားရှင်က မင်္ဂလသုတ်မှာ ဆောင်ရန်တရား
(၃၈)ပါး ပရဘာဝသုတ်မှာ ရှောင်ရန်တရား(၂၄)ပါး
ဟောထားခဲ့ပါတယ်..
မင်္ဂလာဆိုတာက ကြီးပွားကြောင်းတရား
ပရာဘာဝဆိုတာက ပျက်စီးဆုတ်ယုတ်ကြောင်းတရား
မင်္ဂလာတရားကိုဆောင်ရင် ပရာဘာဝမဖြစ်နိုင်သလို
ပရာဘာဝတရားကို ရှောင်ရင် မင်္ဂလာဖြစ်နိုင်ပါတယ်..
အခု ပရာဘာဝတရား၂၄ပါးကို အချုပ်မျှ ပြန်ပြလိုပါတယ်..
ပြတဲ့နေရာမှာ အဆိုးနဲ့အကောင်း နှစ်မျိုးတွဲပြပါမယ်..
အသိအလိမ္မာ ဉာဏ်ပညာမရှိရင် ဆုတ်ယုတ်ပျက်စီးတတ်တယ်..
ဒါကြောင့်ကြီးပွားတိုးတက်ချင်ရင် အသိအလိမ္မာ
ဉာဏ်ပညာနဲ့ ပြည့်စုံဖို့လိုပါတယ်..
အမှန်တရားကို မုန်းတီးရင် ဆုတ်ယုတ်ပျက်စီးတတ်တယ်..
ဒါကြောင့်ကြီးပွားတိုးတက်ဖို့ဆိုရင် အမှန်တရားကို
ချစ်မြတ်နိုးရမယ်..
လူယုတ်လူမိုက်တို့ကို ချစ်ခင်ရင် ပျက်စီးတတ်တယ်..
ပညာရှိ သူတော်ကောင်းတို့ကို မုန်းတီးရင် ပျက်စီးတတ်တယ်..
လူယုတ်လူမိုက်တို့စကား လေးစားလိုက်နာရင်
ပျက်စီးတတ်တယ်..
ဒါကြောင့် ကြီးပွားတိုးတက်ချင်ရင် လူယုတ်လူမိုက်
တို့ကိုမချစ်ခင်ရဘူး..
ပညာရှိသူတော်ကောင်းတို့ကို ချစ်ခင်ရမယ်..
လူယုတ်လူမိုက်စကားကို နားမထောင်ရဘူး..
ပညာရှိသူတော်ကောင်းစကားကို နားထောင်ရပါမယ်..
အအိပ်ကြီးရင် ပျက်စီးတတ်တယ်..
ဘုရားရှင်ရဲ့ အလိုတော်က နံနက်အရုဏ်တက်ရင်
အိပ်ယာမှနိုးထပြီး တစ်နေ့တာအတွက် အသင့်ဖြစ်နေတာကို လိုလားနှစ်သက်တော်မူပါတယ်..
ဘုရားရှင်က အချိန်နဲ့လျော်ညီစွာ ပမာဏနဲ့အိပ်စက်တာကို တားမြစ်တာမဟုတ်ပါဘူး
အအိပ်စုံမက်ခြင်း အအိပ်ကြူးခြင်းကိုသာ ပျက်စီးကြောင်းတရားလို့ ဟောကြားတော်မူတာပါ..
ပွဲလမ်းသဘင်အပျော်အပါးများရင် ပျက်စီးတတ်တယ်..
ထကြွလုံ့လမရှိရင် ပျက်စီးတတ်တယ်..
အပျင်းကြီးရင် ပျက်စီးတတ်တယ်..
အမျက်ကြီးရင် ပျက်စီးတတ်တယ်..
ဒါကြောင့် ကြီးပွားတိုးတက်ချင်ရင်
အအိပ်မကြီးရပါဘူး..
ပွဲလမ်းသဘင် အပျော်အပါး မများရပါဘူး..
လုံ့လဝီရိယရှိရမယ်..
အပျင်းမကြီးရပါဘူး..
အမျက်မကြီးရပါဘူး..
မိမိက စွမ်းနိုင်ပါလျက် မိအိုဖအိုတို့ကို မပြုစုမလုပ်ကျွေးပဲ ပစ်ထားရင် ပျက်စီးဆုတ်ယုတ်တတ်တယ်..
ဒါကြောင့် ကြီးပွားတိုးတက်ချင်ရင်
မိအိုဖအိုတို့ကို အထူးဂရုစိုက် ပြုစုလုပ်ကျွေးရပါမယ်..
အလှူခံပုဂ္ဂိုလ်တွေကို လိမ်လည်လှည့်ဖြားရင်
ဆုတ်ယုတ်ပျက်စီးတတ်တယ်..
လိမ်လည်လှည့်ဖြားတယ်ဆိုတာက
လှူမယ်ကတိပေးပြီးမှ ကတိဖျက် မလှူတာမျိုး..
မလှူချင်လို့ မရှိဘူးဆိုပြီး လိမ်ညာတာမျိုး..
အလှုခံပုဂ္ဂိုလ်တွေရဲ့ ပစ္စည်းဥစ္စာကို လိမ်ညာယူတာမျိုး စသဖြင့် အားလုံးပါပါတယ်..
ညာတာမှာ တိုက်ရိုက်ညာတာ သွယ်ဝိုက်ညာတာ
အကုန်ပါပါတယ်..
တိုက်ရိုက် ညာတာကတော့
ဘုန်းကြီးကျောင်းတို့ သီလရှင်စာသင်တိုက်တို့မှာ
တည်းပြီး ခရီးစရိတ်ပြတ်သွားလို့ပါ..
ခါးပိုက်နှိုက်ခံရလို့ပါ စသဖြင့် လိမ်ညာတောင်းတာ..
ဆွမ်းစားပင့်ရင် အိမ်လိပ်စာအမှားပေးပြီး
ကျောင်းက အိုးခွက်ပန်းကန်အသုံးအဆောင်ပစ္စည်းတွေ ငှားပြီးပြန်မပေးတော့ပဲ လိမ်ညာတာ..
ရင်းနှီးလို့ ချေးငှားပြီးပြန်မပေးတာတွေ စသဖြင့်
အများကြီးပါ..
သွယ်ဝိုက်ညာတာကတော့
သင်္ကန်းအဟောင်းတွေကို ဖွပ်လျှော် ကော်တင်
မီးပူထိုး သပ်သပ်ရပ်ရပ် ပါကင်ပိတ်ပြီး အသစ်နဲ့ရောရောင်းတာမျိုး..
တရုတ်ပိတ်စသင်္ကန်းကိုပဲ ယိုးဒယား မလေးရှား စင်္ကာပူ စသဖြင့် နာမည်အမျိုးမျိုးတပ်ရောင်းတာမျိုးတွေ စသဖြင့်ပါ..
ဘာသာရေးနဲ့ဆက်နွယ်တဲ့ စီးပွားရေးအလုပ်တွေကို ရိုးရိုးသားသားသန့်သန့်ရှင်းရှင်း လုပ်တာပဲကောင်းပါတယ်..
မရိုးသားမသန့်ရှင်းရင် ပရာဘာဝပျက်စီးကြောင်းတရားထဲ ပါသွားပါတယ်.
အများမိုးခါးရေသောက်တဲ့အထဲ ကိုယ် ပါမသွားအောင် အထူးသတိပြုရပါမယ်..
ဒါကြောင့် ကြီးပွားတိုးတက်ချင်ရင် အလှူခံပုဂ္ဂိုလ်တွေကို မလိမ်ညာရပါဘူး..
ပစ္စည်းဥစ္စာချမ်းသာတဲ့သူ သူတစ်ယောက်ဟာ
စွန့်ကြဲပေးကမ်း လှူဒါန်းဝေငှ မျှတမှုမပြုပဲ ကိုယ်တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်စွာ ခံစားတယ်ဆိုရင်
ဆုတ်ယုတ်ပျက်စီးတတ်ပါတယ်..
ဒါကြောင့် ကြီးပွားတိုးတက်ချင်ရင် ကိုယ့်ရဲ့ပြည့်စုံမှုကို လှူဒါန်းဝေငှ မျှတရပါမယ်..
အမျိုးမာန် အနွယ်မာန် ဥစ္စာမာန် စသဖြင့်
မာန်တွေတက် မာနတွေကြီးပြီး ကိုယ့်အမျိုးကိုတောင် အထင်သေးအမြင်သေးနဲ့
မထီမဲ့မြင်ပြုတယ်ဆိုရင် ဆုတ်ယုတ်ပျက်စီးတတ်ပါတယ်..
ဒါကြောင့် တိုးတက်ကြီးပွားချင်ရင် ဘာအကြောင်းကြောင့်မှ မာန်မတက်ပါနဲ့..
ကိုယ့်အမျိုးကို အထင်မသေးပါနဲ့..
မထီမဲ့မြင် မလုပ်ပါနဲ့..
ကာမဂုဏ်အပျော်အပါး လိုက်စားတာများရင်
ဆုတ်ယုတ်ပျက်စီးတတ်တယ်..
သေရည်အရက် အလွန်အကျွံသောက်ရင်
ဆုတ်ယုတ်ပျက်စီးတတ်တယ်..
လောင်းကစားလုပ်ရင် ဆုတ်ယုတ်ပျက်စီးတတ်တယ်..
ဒါကြောင့် ကြီးပွားတိုးတက်ချင်ရင် ကာမဂုဏ်အပျော်အပါး ရှောင်ပါ..
သေရည်အရက် ရှောင်ပါ..
လောင်းကစား ရှောင်ပါ..
ကိုယ်ပိုင်ဇနီးခင်ပွန်းတို့နဲ့ မတင်းတိမ်ပဲ အိမ်ထောင်ရေးစည်းဖောက်ရင် ဆုတ်ယုတ်ပျက်စီးတတ်တယ်..
ဒါကြောင့် တိုးတက်ကြီးပွားချင်ရင်
ပြည့်တန်ဆာ ပြည့်တန်ဆာမတို့ကို ရှောင်ပါ..
သူတစ်ပါး သားပျိုသမီးပျို ဇနီး ခင်ပွန်းသည်တို့ကို ရှောင်ပါ..
အရွယ်ကွာသူ(နွားအိုမြက်နုကြိုက်)နဲ့ အိမ်ထောင်ထူရင် ဆုတ်ယုတ်ပျက်စီးတတ်တယ်..
"အရွယ်လွန်ပြီးသူတစ်ယောက်ဟာ မိမိထက်ငယ်ရွယ်လွန်းသူကို လက်ထပ်ထိမ်းမြားယူတယ်ဆိုရင် ဣဿာမစ္ဆရိယတွေ ပွားများရလိမ့်မယ်..
ဒါဟာ ပျက်စီးကြောင်းပဲ.."လို့ ဘုရားက မိန့်တော်မူခဲ့ပါတယ်..
အိုးအိမ်ထူထောင်ကြတဲ့နေရာမှာ အစစအရာရာ မကွာခြားလွန်းပဲ တူညီနိုင်ရင်တော့ အကောင်းဆုံးပါပဲ..
ဒါကြောင့် ကြီးပွားတိုးတက်ချင်ရင်
အရွယ်မကွာလွန်းသူနဲ့သာ အိမ်ထောင်ထူပါ..
(ဘာသာတူဖို့လည်းလိုပါသေးတယ်..)
အစားကြူး အသောက်ကြူး အပျော်အပါးကြူးသူ
စည်းမဲ့ကမ်းမဲ့ ပရမ်းပတာရှိသူမျိုးကို အကြီးအကဲနေရာမှာထားရင် ဆုတ်ယုတ်ပျက်စီးတတ်ပါတယ်..
ဒါကြောင့် ကြီးပွားတိုးတက်ချင်ရင် ထိုလူမျိုးကို
အကြီးအကဲနေရာမှာ မထားပါနဲ့..
ကိုယ်နဲ့မတန်မရာကို စားသုံး နေထိုင် သုံးစွဲ ပေါင်းသင်း မျှော်မှန်းရင်(မမှီတဲ့ပန်းတုံးခုလှမ်းရင်)
ပျက်စီးတတ်တယ်..
လူဆိုတာ အမြင့်ကို မှန်းရမယ်..
ဒါပေမယ့် မမှီတာကို မမှန်းရဘူး..
လက်တွေ့မကျတာကို မမှန်းရဘူး..
ဖြစ်နိုင်ချေရှိတာပဲ လုပ်တာကောင်းပါတယ်..
ဖြစ်နိုင်ချေမရှိတာကြီးလုပ်ရတာ မောပန်းလွန်းပါတယ်..
လူဆိုတာ ကိုယ်နဲ့တန်ရာတန်ရာလေးကိုပဲ
စားသောက် နေထိုင် ကျင့်သုံး ပြောဆို ဆက်ဆံတာ အကောင်းဆုံးပါပဲ..
ဒါကြောင့် ကြီးပွားတိုးတက်ဖို့ဆိုရင် တန်ရာကိုစား
တန်ရာကိုဝတ် တန်ရာကိုသာနေထိုင် သုံးစွဲ
ပေါင်းသင်း မျှော်မှန်းရပါမယ်..
စေတနာမေတ္တာဖြင့်-
No comments:
Post a Comment