Saturday, February 15, 2014

အရည်အသွေးနိမ့် ပုဂ္ဂလိကသင်တန်းနှင့် ကျောင်းများ အရေးယူမည့်ဥပဒေ ပြဋ္ဌာန်းမည်


ဖေဖေါ်ဝါရီ ၁၅ ရက် ၂၀၁၄

မြန်မာနိုင်ငံအနှံ့ ဖွင့်လှစ်လုပ်ကိုင်မှု များပြားလာနေသည့် ပုဂ္ဂလိက သင်တန်းများနှင့် ကျောင်းများတွင် အရည်အသွေး နိမ့်ကျသော ကျန်းမာရေး သင်တန်းများနှင့် ပညာရေး သင်တန်းများ၊ ကျောင်းများကို အရေးယူရန်အတွက် ဥပဒေများပြဋ္ဌာန်းမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၏ ဆေးဝါးကျွမ်းကျင် သင်တန်းများနှင့် သူနာပြု အကူသင်တန်းများကို စံနှုန်းများ သတ်မှတ်စိစစ်ပြီး တိကျစွာ အရေးယူ ဆောင်ရွက်ရန်ရှိ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပုဂ္ဂလိက သင်တန်းကျောင်းများကို ဖွင့်လှစ်ခွင်ပြုရန် သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် ကြော်ငြာအား ကောင်းကောင်းဖြင့် သင်တန်းကျောင်းများ ပေါများနေခြင်း ဖြစ်ပြီး စံနှုန်း သတ်မှတ်ချက်ကို ထိန်းချုပ်ရန်အတွက် ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာနများက ဥပဒေကြမ်းများကို ရေးဆွဲနေကြောင်း ဒုတိယဝန်ကြီး ဦးသန်းအောင်က ပြောကြားသည်။

ဥပေ၏များ ပြဋ္ဌာန်းပြီးပါက ဆေးဝါ ကျွမ်းကျင်နှင့် သူနာပြု အကူသင်တန်း စသည့် ပုဂ္ဂလိက ကျောင်းများကို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့ပြင် ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် နည်းဥပဒေသည် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းကို အသုံးပြုသည့် ကျောင်းများအပေါ် သက်ရောက်မှု မရှိသဖြင့် အမျိုးသားပညာရေး ဥပဒေအသစ်ကို ရေးဆွဲနေကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။

ပုဂ္ဂလိက သင်တန်းကျောင်းများသည် ခိုင်မာသော သင်ရိုးညွှန်းတန်းများ မရှိဘဲ သင်ကြားနေခြင်း ဖြစ်ပြီး ကျောင်းသားများ၏ တက်မြောက်မှုကို ပြန်လည် စစ်ဆေးခြင်းများ မရှိဘဲ ကျောင်းဆင်း လက်မှတ်များ ပေးနေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတဉာဏစိုးက ပြောကြားသည်။

“သင်တန်းတွေက လူငယ်တွေရဲ့ အချိန်တွေ၊ ငွေတွေကို နည်းအမျိုးမျိုးနဲ့ လှည့်ဖြားသလို ဖြစ်ပြီး ရလာတဲ့ ကျောင်းဆင်းလက်မှတ်နဲ့ ရလာတဲ့ ပညာရေးနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်သော သင်တန်းများကို မည်သည့် ဝန်ကြီးဌာန သဘောတူခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေကြောင်းကို စိစစ်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ပြည်နယ်အစိုးရ အဖွဲ့ရုံးများထံသို့ ၂၀၁၂ ခုနှစ် မေလအတွင်း အကြောင်းကြားစာ ပို့ထားကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment