ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရမည်ဟူသည့် ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲနိုင်ရန် ပူးပေါင်းဆောင်ရွက်မည်ဟု NLD နှင့် ၈၈ မျိုးဆက်တို့ ပူးတွဲကြေညာ
ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူ လက်ခံမှသာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရမည်ဟူသည့် အချက်များ ပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲနိုင်ရန် ပူးပေါင်းဆောင်ရွက်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ဖေဖော်ဝါရီ ၁၆ ရက်တွင် နှစ်ဖက်ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ဦးဆောင်သည့်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ NLD၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးပွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ယနေ့အခြေအနေတွင် နိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်နေကြောင်း၊ ထို့ကြောင့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရာ၌ ခက်ခဲတင်းကျပ်နေသော အခန်း(၁၂)တွင်ပါရှိသည့် ပုဒ်မ(၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ရန် NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ(၄၃၆-က)ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ပုဒ်မ(၄၃၆-ခ)တွင်မူ ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်အဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
Eleven Media Group
===

No comments:
Post a Comment