Sunday, February 9, 2014

ဟောင်ကောင်တွင် အိမ်ဖော်လုပ်မည့်သူများ အာရှတိုက်အမြင့်ဆုံးဝန်ဆောင်ခ ပေးရဖွယ်ရှိ


ဟောင်ကောင်တွင် အိမ်ဖော်လုပ်မည့်သူများ အာရှတိုက်အမြင့်ဆုံးဝန်ဆောင်ခ ပေးရဖွယ်ရှိ
========================================
ဟောင်ကောင်သို့ အိမ်ဖော်အဖြစ် သွားရောက် လုပ်ကိုင်ကြမည့် မြန်မာ အမျိုးသမီး များသည် အေဂျင်စီ ၀န်ဆောင်ခ မြန်မာကျပ်ငွေ သိန်းနှစ်ဆယ်ခန့် ကုန်ကျမည် ဖြစ်သောကြောင့် အာရှတိုက်တွင် အိမ်ဖော် ၀န်ဆောင်ခ အမြင့်ဆုံး ဈေးနှုန်း ဖြစ်သည်ဟု ဟောင်ကောင်အခြေစိုက် South China Morning Post က ဖေဖော်ဝါရီ ၆ရက်တွင် ရေးသားဖော်ပြသည်။

မြန်မာ အိမ်ဖော်များ အနေဖြင့် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ လေးထောင်ခန့် (မြန်မာငွေငါးသိန်း)ရရှိနိုင်ပြီး ၀န်ဆောင်ခအဖြစ် တစ်လလျှင် ဟောင်ကောင် ဒေါ်လာ နှစ်ထောင်နှုန်းဖြင့် အရစ်ကျပေးဆောင်ရမည်ဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် Golden Mind အလုပ်သမားအေဂျင်စီတာဝန်ရှိသူ Law Yiu Keung က ပြောကြားသည်ဟု ရေးသားထားသည်။

ဟောင်ကောင်တွင် အိမ်ဖော်များ အနိုင်ကျင့်ခံရသည့်သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာအိမ်ဖော်များခေါ်ယူရေးကို အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဟောင်ကောင်လစ်ဘရယ်ပါတီ အမတ်တစ်ဦးက ဇန်န၀ါရီ ၂၄ ရက်တွင် မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာအိမ်ဖော်များခေါ်ယူရေးတွင် အလုပ်သမားများအား ဥပဒေအရ မည်သို့ကာကွယ်စောင့်ရှောက်ပေးမည်ဆိုသောအချက်ကို အဆိုပြုတင်သွင်းရမည်ဖြစ်ကြောင်း၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် ဟောင်ကောင်ဥပဒေများကို လေ့လာပြီးမှသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်က မြန်မာအိမ်အကူ နှစ်ထောင်ခန့် အလိုရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက ပြောကြားသည်။


No comments:

Post a Comment