Monday, December 2, 2013

လွတ်မြောက်ပြီး ကလေးစစ်သားများကို တပ်ပြေးအဖြစ် ထိန်းသိမ်းမှု စိုးရိမ်ကြောင်း ထုတ်ပြန်



ရန်ကုန်၊ ဒီဇင်ဘာ ၁

မြန်မာ့တပ်မတော်၏ စာရင်းဇယား သိမ်းဆည်းမှုပိုင်း တိကျသော ထုတ်ပြန်ချက် မရှိခြင်းကြောင့် တပ်မတော်မှ နုတ်ထွက်ခွင့်ပြုထားသော ကလေးစစ်မှုထမ်းများကို တပ်ပြေးအဖြစ် ပြန်လည် ထိန်း သိမ်းမှုများ ဆက်လက် ဖြစ်ပွားနေသည့်အပေါ် စိုးရိမ်နေကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ စုစည်းထားသော နိုင်ငံတကာ ကလေးစစ်သားအဖွဲ့ (Child Soldiers International) က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်ကို Child Soldiers International တာဝန်ရှိသူများ၏ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီ ထုတ်ပြန်ခြင်း ဖြစ်ပြီး လက်ရှိ တပ်မတော်က သဘောတူ ချုပ်ဆိုထားသော ကလေးစစ်သား ပပျောက်ရေး ၁၈ လ စီမံချက်ကို အသစ်ပြန်လည် ချုပ်ဆိုရန်လည်း တိုက်တွန်းသွားသည်။

တပ်မတော်သို့ ဝင်ရောက်စဉ် အသက်အရွယ် တိကျစွာ မသိမ်းဆည်းထားသည့်အတွက် တပ်ပြေးများ၏ ကိုယ်ရေး ရာဇဝင်များကို စုံစမ်းရန် အခက်အခဲများ ရှိခဲ့ခြင်းကြောင့် လွတ်မြောက်ပြီးသော ကလေးစစ်မှုထမ်းများကို ဆက်လက် ထိန်းသိမ်းမှုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
“မြန်မာအစိုးရနဲ့ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ငြိမ်းချမ်းရေး သဘောတူညီမှုတွေမှာ ကလေးစစ်သား အသုံးပြုတာ ရပ်ဆိုင်းဖို့ ထည့်သွင်း စဉ်းစားသင့်တယ်” ဟု Child Soldiers International ၏ ညွှန်ကြားရေးမှူး Mr.Richard Clarke က ပြောကြားသည်။

အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို ကလေးစစ်သားအဖြစ် အသုံးပြုမှု ရပ်ဆိုင်းသော ၁၈ လကြာ စီမံကိန်းကို တပ်မတော်နှင့် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းကာ ၂၀၁၂ ခုနှစ် ဇွန်လတွင် ချုပ်ဆိုခဲ့ကြ ပြီးနောက်၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကလေးစစ်သား စုဆောင်းမှု အမှုအခင်း နှစ်ဆယ်ကျော် ဖြစ်ပွားခဲ့ပြီး ကလေးစစ်သား ၁၇၆ ဦးကို တပ်မတော်က တရားဝင် နုတ်ထွက်ခွင့် ပြုပေးခဲ့သည်။

မြန်မာနိုင်ငံ၏ ဒေသအသီးသီးက လက်နက်ကိုင် တပ်ဖွဲ့ဝင်များတွင် ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်းခြင်း၊ လက်ခံနေထိုင်ခွင့် ပြုခြင်းကြောင့် အချို့လက်နက်ကိုင် တပ်ဖွဲ့များသည် ကုလသမဂ္ဂ အထွေထွေအတွင်း အရေးမှူးချုပ်၏ အဆိုးရွားဆုံး ခိုင်းစေခံရသော ကလေးသူငယ်နှင့် လက်နက်ကိုင်တပ်ဖွဲ့ အစီရင်ခံစာတွင် ထည့်သွင်း ခံထားရသည်။

Child Soldiers International ကို ၁၉၉၈ ခုနှစ်ကတည်းက Human Rights Watch၊ World Vision International နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ခုနစ်ခုဖြင့် တည်ထောင်ခဲ့သည်။

No comments:

Post a Comment