Friday, December 20, 2013

အိန္ဒိယမှ သယ်ဆောင်လာသော ဆူဒိုအက်ဖီဒရင်း ဆေးပြား သိန်းနှစ်ထောင်ဖိုး ကလေးတွင် ဖမ်းမိ


Thursday, December 20, 2013

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အိန္ဒိယနိုင်ငံ အိုက်ဇောဒေသမှ သယ်ဆောင်လာသော ကျပ်သိန်းနှစ် ထောင်ခန့် တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား များကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ကလေးမြို့၊ တပ်ဦးသီတာ ရပ်ကွက်၊ နယ်မြေ (၁) စန္ဒာလမ်းတွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် တောင်ဇလပ် ရပ်ကွက်၊ ကျန်စစ်သားလမ်းနေ ဒေါ်နိုတင်ပါး (၂၂) နှစ် မောင်းနှင်လာသော ယာဉ်အမှတ် (၇ဂ/၁၈၆၉) HARRIER အမျိုးအစား အဖြူရောင် မော်တော်ယာဉ် ရပ်တန့် စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ဆူဒိုအက်ဖီဒရင်း ဆေးပြားများ ထည့်ထားသော ပီနံအိတ် ခုနစ်အိတ်နှင့် ပလတ်စတစ်အိတ် တစ်လုံးကို တွေ့ရှိခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် တောင်ဇလပ် ရပ်ကွက်၊ ကျန်စစ်သားလမ်းနေ ဒေါ်တင် (၄၀) နှစ်နှင့် ဆည်တော ကျေးရွာနေ ဦးခင်ထွန်း (၃၇) နှစ် တို့ လိုက်ပါလာပြီး ဦးခင်ထွန်းမှာ ထွက်ပြေးသဖြင့် ဗိုလ်ချုပ်လမ်း တံတားဦး အနီးတွင် ပြန်လည် ဖမ်းဆီးရခဲ့ကြောင်း၊ ယင်းတို့ သုံးဦးကို စစ်ဆေး မေးမြန်းချက်အရ အဆိုပါ ဆေးပြားများကို တပ်ဦးသီတာ ရပ်ကွက် စန္ဒာလမ်းနေ ယာဉ်မောင်း ဦးထန်ဆွမ်းပေါင် (၃၄) နှစ်ထံမှ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏ နေအိမ်သို့ သွားရောက်ရာ ယာဉ်မောင်း ဦးထန်ဆွမ်းပေါင်နှင့်အတူ တပ်ဦးသီတာ ရပ်ကွက်နေ ဦးလန်ဆွမ်းလျန် (၂၀) နှစ်၊ တီးတိန်မြို့နယ် လိုင်လုံကျေးရွာနေ ဦးရှန်ဗန်းခမ် (၂၀) နှစ်၊ တီးတိန်မြို့နယ် တွာလ်ဇမ် ကျေးရွာနေ ယာဉ်နောက်လိုက် ဦးပေါင်ဂင်ဒါးလ် (၂၄) နှစ်နှင့် တီးတိန်မြို့နယ် လိုင်လုံ ကျေးရွာနေ တောင်သူ ဦးဇမ်ခေါ်ထွန်း (၂၈) နှစ်တို့ကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ဖမ်းဆီးမှုတွင် ပါဝင်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆေးပြားများကို အိန္ဒိယနိုင်ငံ၊ အိုက်ဇောဒေသမှ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် အတွင်းရှိ ရိဒ်-တီးတိန်-ကလေး ကားလမ်းအတိုင်း ဆိုင်ကယ်များဖြင့် သယ်ဆောင်လာပြီး တပ်ဦးသီတာ ရပ်ကွက်ရှိ ဦးထန်ဆွမ်းပေါင်၏ နေအိမ်သို့ သယ်ဆောင်လာကြောင်း၊ ထိုမှတစ်ဆင့် တောင်ဇလပ် ရပ်ကွက်နေ ဒေါ်တင်၏ နေအိမ်သို့ ကားဖြင့် သယ်ဆောင်စဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ထွက်ဆိုချက်အရ သိရသည်။

အဆိုပါ အမှုအတွက် ဒေါ်တင်နှင့် ပူးပေါင်း ဆောင်ရွက်သူများကို ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့စခန်းမှ မယ (ပ) ၁၄၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၅/၁၆ (ခ)/၂၁ ဖြင့်အမှုဖွင့် အရေးယူ ထားကြောင်း အဆိုပါစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စိတ်ကြွဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသော ယင်းဆေးပြား များကို ဇူလိုင်လ ၂၆ ရက်နေ့က ကလေးမြို့ တာဟန်း ရပ်ကွက်တွင် ကျပ်သိန်း ၆၃၀ တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြားများ၊ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြားများ၊ စက်တင်ဘာလ ၁၉ ရက် နေ့ကလည်း လက်ပံချောင်း ကျေးရွာတွင် ကျပ်သိန်း ၃၆၀၀ ကျော် တန်ဖိုးရှိ ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့ ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

No comments:

Post a Comment