Monday, December 23, 2013

၂၀၁၆ ဆူဇူကီးဖလား မြန်မာနှင့် ဖိလစ်ပိုင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရ


------------------
ရန်ကုန်- မြန်မာနိုင်ငံက ဆူဇူကီးဖလားပြိုင်ပွဲကို လာမည့် ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

အာဆီယံဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်သော ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ဒီဇင်ဘာ ၂၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သော အာဆီယံအဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်

ဆူဇူကီးဖလားမှာ ယခင်တိုက်ဂါးဖလားအမည်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်တွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

“၂၀၁၆ မှ အိမ်ရှင်အဖြစ် ကျင်းပမှာပါ။ အိမ်ရှင်ဖြစ်လို့ မြန်မာအသင်း ခြေစစ်ပွဲကန်စရာလိုမှာလား။ အလိုအလျောက် အုပ်စုအဆင့်တက်မှာလားဆိုတာတော့ ခုထိမသိသေးပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိ ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့က ကျင်းပခွင့်ရရှိထားသည်။

“၂၀၁၆ မှာ အိမ်ရှင်အဖြစ် ကျင်းပမယ်ဆိုရင် အလိုအလျောက် အုပ်စုတက်ပြီလို့ ပြောလို့မရဘူး။ ခုအိမ်ရှင်အဖြစ် ကျင်းပခွင့်ရတာလည်း ဘောလုံးအရည်အသွေးမြင့်မားလာလို့ မဟုတ်ပါဘူး။ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားရတယ်ဆိုတဲ့ အားသာချက်ကြောင့်ပါ”ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ဆူဇူးကီးဖလားပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် သုံးပွဲကန်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ်တစ်မှတ်ဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ထို့ကြောင့် ၂၀၁၄ ဆူဇူကီးဖလားတွင် မြန်မာအသင်းမှ ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

၂၀၁၂ ဆူဇူကီးဖလားခြေစစ်ပွဲတွင် ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ဗီယက်နမ်အသင်းကို ၁-၁ ဂိုးဖြင့် သရေကျခဲ့ကာ ထိုင်းအသင်းကို လေးဂိုးဂိုးမရှိ၊ ဖိလစ်ပိုင်အသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီး ရမှတ်တစ်မှတ်ဖြင့် အုပ်စုအဆင့်မှထွက်ခဲ့ရသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမား အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းတွင် အုပ်စုတက်ရန် အကောင်းဆုံးအခြေအနေရောက်ပြီးမှ အင်ဒိုနီးရှားအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။==

No comments:

Post a Comment