အပြိုင်အဆိုင် ခေါ်ယူနေကြပြီး လျှောက် ထားလိုသူများပြား
ပြည်တွင်း၌ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို
ရရှိထားသည့် နော်ဝေးနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက်
Ooredoo နည်းပညာ ကုမ္ပဏီများတွင် မြန်မာနိုင်ငံသားများ၏
အလုပ်လျှောက်ထားမှုများ မြင့်တက်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။
သုံးစွဲမည့်သူများသို့ ဈေးကွက်မြှင့်တင်မှု အစီအစဉ်များကိုလည်း
အပြိုင်အဆိုင်ခင်းကျင်း ပြသနေကြသည့် အဆိုပါနိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ
များဘက်ကလည်း မြန်မာနိုင်ငံသား ဝန်ထမ်းများကို အပြိုင်ခေါ်ယူမှုများ
ပြုလုပ်နေကြသည်ဟု စုံစမ်းသိရှိရသည်။
“အခုလို
ကိုယ့်နိုင်ငံမှာလာပြီး လုပ်ကိုင်မယ့် ဆက်သွယ်ရေး အော်ပရေတာ
ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ကိုင်ချင်စိတ်က အရမ်းပြင်းပြနေတယ်။
ကျွန်မတို့လိုပဲ စိတ်ဝင်စားတဲ့သူတွေ အများကြီးဆိုတာ တွေ့နေရတယ်။ ဒါပေမဲ့
ဒီလိုအဆင့်မြင့် ကုမ္ပဏီကြီးတွေမှာ စိတ်ဝင်တစားလျှောက်ထားတဲ့
သူတွေများနေတာရဲ့နောက်ကွယ်မှာကလည်း စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်။
ဒီကလူငယ်တွေ အခုထက်ပိုကြိုးစားဖို့ လိုတယ်လို့မြင်တယ်” ဟု အဆိုပါ
ကုမ္ပဏီများတွင် အလုပ်လျှောက်ထားရန် ပြင်ဆင်နေသူ အမျိုးသမီးကဆိုသည်။
ယင်းကဲ့သို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ အလုပ်အကိုင်ခေါ်ယူမှုတွင်
အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ဘာသာစကား
ကျွမ်းကျင်မှုများက လျှောက်ထားသည့်နိုင်ငံသားများအတွက် အဓိကကျသည့်
စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်းလည်း အဆိုပါကုမ္ပဏီများတွင် အလုပ်လျှောက်ထားမှု
ပြုလုပ်ထားသူတချို့က ဆိုကြသည်။
အနောက်ဥရောပနှင့်
အရှေ့အလယ်ပိုင်း ဒေသတို့မှ အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုသည်
အရည်အချင်းပြည့်သည့် မြန်မာနိုင်ငံသား ဝန်ထမ်းများကို ရရှိရန်အတွက်
လူမှုကွန်ရက်စာမျက်နှာ များဖြစ်သော Facebook ကို အဓိက အသုံးချကြရကြောင်း
သက်ဆိုင်ရာကုမ္ပဏီ အသီးသီးမှပြောရေး ဆိုခွင့်ရှိသူများက ဆိုကြသည်။
နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က
၎င်းတို့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား ဝန်ထမ်းပေါင်း ကိုးဆယ်ခန့်ကို
အလုပ်အကိုင်နေရာများ ခန့်အပ်ထားရှိပြီးဖြစ်ပြီး ယခုနှစ်အကုန်တွင်
တစ်ရာ့နှစ်ဆယ်ဦးရေခန့်အထိ တိုးမြှင့်ခန့်ထားရန် ရည်မှန်းထားသည်။ ထို့အပြင်
၎င်းတို့နှင့်ပူးပေါင်း လုပ်ကိုင်လိုသည့် ကျွန်ုပ်တို့နိုင်ငံသားများ၏
များပြားသော အလုပ်လျှောက်လွှာများကိုလည်း လက်ခံရရှိနေကြောင်း ဆိုသည်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံ တစ်ခုဖြစ်သည့် ကာတာနိုင်ငံ Ooredoo ကုမ္ပဏီ၏
မြန်မာပြည် အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က
လာမည့်ငါးနှစ်အတွင်းတွင် ၎င်းတို့ထံတွင် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းကို
အလုပ်အကိုင်နေရာများ ခန့်အပ်ထားပြီးဖြစ်မည်ဟု အခိုင်အမာသတင်း
ထုတ်ပြန်ထားသည်။
“တစ်နေ့တခြား တိုးပွါးလာတဲ့
ကျွန်တော်တို့အဖွဲ့မှာ အခုလောလောဆယ် ဝန်ထမ်းဦးရေ တစ်ရာ့ငါးဆယ်လောက်
ရှိနေပါတယ်။ လူမျိုးပေါင်းက ၃၀ လောက်ရှိနေပါပြီ။ အခုထက်ပိုပြီး
မြန်မာနိုင်ငံသား ဝန်ထမ်းအင်အား တိုးတက်လာဖို့ မျှော်လင့်ပါတယ်။
လာမယ့်နှစ်အကုန်မှာ ဝန်ထမ်းဦးရေကို မြန်မာနိုင်ငံသားတွေ အပါအဝင်
တစ်ထောင်ကျော်လောက် ရှိလာဖို့ရည်မှန်းပါတယ်။ ရေရှည်အနေနဲ့
ကြည့်မယ်ဆိုရင်တော့ ဝန်ထမ်းဦးရေ ငါးထောင်လောက်အထိကို ခန့်အပ်ဖို့
အစီအစဉ်တွေလည်း ရှိနေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသားများ လိုအပ်လျက်ရှိသော နိုင်ငံတကာအဆင့်မီ
ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အဓိကကျသည့်
ဈေးကွက်ယှဉ်ပြိုင်မှု ပိုင်းတွင်လည်း ပြိုင်ဆိုင်မှုပြင်းထန်နေသည့်
၎င်းအော်ပရေတာနှစ်ခုသည် ၎င်းတို့၏အရောင်းဌာန၊ ဖြန့်ချိရေးဌာန၊ ဝယ်ယူသူများကို
ဝန်ဆောင်မှုပေးရသည့်ဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဌာန၊
လက်လီအရောင်းဌာန၊ ရုံးတွင်းပိုင်းဌာန အစရှိသည့် နေရာများအတွက်
နိုင်ငံသားဝန်ထမ်းများကို အဆက်မပြတ်ခေါ်ယူ နေကြခြင်းသည်။ ယခုကဲ့သို့
နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းကြောင့်
ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေသည့်
မြန်မာနိုင်ငံသားများ ပြည်တွင်းရှိ ၎င်းကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်ရန်
ပြန်လည်ဝင်ရောက်လာနိုင်ဖွယ်ရာရှိနေသည်ဟု ပြည်ပရောက်
မြန်မာနိုင်ငံသားတချို့က သုံးသပ်ကြသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင်
လုပ်ငန်းများလုပ်ကိုင်ရန်အတွက် စတင်နေပြီဖြစ်သည့် အဆိုပါဆက်
သွယ်ရေးအော်ပရေတာများသည် ၎င်းတို့၏အဆင့်မြင့် ဝန်ထမ်းများတွင်
မြန်မာနိုင်ငံသားများအပြင် အိမ်နီးချင်းနိုင်ငံတချို့မှ
ကျွမ်းကျင်ဝန်ထမ်းများကိုပါ ခေါ်ယူခန့်အပ်ထားရကြောင်း သိရသည်။
-ယုဇနကိုကို
No comments:
Post a Comment