Monday, December 2, 2013

အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပေါ်ပေါက်ရန် လွှတ်တော်တွင် ဆောင်ရွက်မည်



အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပေါ်ပေါက်ရေး လွှတ်တော်တွင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ဆွေးနွေးပွဲတွင် ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကဏ္ဍအလိုက် ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ရာ ကျား/မ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများကို ဥပဒေကြောင်းအရ အကာအကွယ် ပေးရန်တို့နှင့် ပတ်သက်ပြီး အကြံပြုတင်ပြ ဆွေးနွေးခဲ့ပြီး ၎င်းတို့ကွန်ရက် အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး အမျိုးသမီးများကို ဥပဒေကြောင်းအရ တိတိကျကျ ကာကွယ်ပေးနိုင်သည့် ဥပဒေများ ပေါ်ထွက်လာရေး ကြိုးစားနေသည်ဟု ပြောကြားသည်။

"အမျိုးသမီးများကို အကြမ်းဖက်တယ်လို့ ပြောတဲ့နေရာမှာ ကျွန်မတို့ရဲ့ သာမန်လူ့အဖွဲ့အစည်းထဲမှာ နိစ္စဓူဝ ဖြစ်ပေါ်နေသလို အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားတဲ့အတွက်ကြောင့် ရခိုင်ဒေသ၊ ကချင်ဒေသတို့မှာ ယာယီစခန်းတွေမှာ ရှောင်တိမ်းနေထိုင်ရတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ဟာလည်း အထူးပဲ ဆိုးရွားခက်ခဲလျက် ရှိတယ်ဆိုတာကို တင်ပြလိုပါတယ်။ အဲဒီတော့ ကျွန်မတို့ သာမန်အခြေအနေမှာရှိတဲ့ အမျိုးသမီးတွေ သာမက ပဋိပက္ခဖြစ်ရာ ဒေသနဲ့ ဘေးဒဏ်ကို ခံစားရတဲ့ ဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ဆိုးရွားခက်ခဲတဲ့ အခြေအနေတွေကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ဖို့နဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လုပ်ငန်းတွေမှာလည်း နိုင်ငံတော် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ပေးဖို့ ဒီနေရာကနေ မေတ္တာရပ်ခံ လိုပါတယ်" ဟု ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

ဒေါ်မေစပယ်ဖြူ၏ တင်ပြဆွေးနွေးမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားရာ "အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ဒါအင်မတန်မှ လိုအပ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေ ပေါ်ပေါက်ရေးအတွက်လည်း အကြံပြု သွားတာဟာ အမြန်ဆုံး လုပ်သင့်တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် ဒီလို အကြံပြုသွားတာကို ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တင်ပြပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် တစ်ဆက်တည်း အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်ရေး အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများရှိ အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များသည် အလွန်လုပ်ဆောင်သင့်သည့် အချက်ဖြစ်ကြောင်း၊ မြန်မြန်ဆန်ဆန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်ကို ထောက်ပြသွားသည့်အတွက် မြန်မြန်ဆန်ဆန် ကြိုးစားဆောင်ရွက် သွားမည်ဟုလည်း ပြောကြားသည်။

No comments:

Post a Comment