အံ့သြဖွယ်ကောင်းသော အိန္ဒိယအံ့သြဖွယ်ကောင်းသော အိန္ဒိယ
==========================
အိန္ဒိယနိုင်ငံတွင် ထူးဆန်းအံ့သြဖွယ်ကောင်းသော အရာဝတ္ထုများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ပုဂ္ဂိုလ်ထူးများ စသည်ဖြင့် များစွာပြည့်နှက်လျက်ရှိပါသည်။
အိန္ဒိယနိုင်ငံတွင် ဘုရားရှင်ပွင့်တော်မူခဲ့သည်ဖြစ်၍ လေ့လာချင်စရာနေရာဒေသများမှာလည်း အများအပြားပင်ရှိနေပေသည်။ အိန္ဒိယနိုင်ငံသည် ပြည်နယ်ပေါင်း ၂၉-ပြည်နယ်ရှိပြီး စတုရန်းကီလိုမီတာ ၃.၂၉ သန်းမျှကျယ်ဝန်းပါသည်။
မြောက်မှ တောင်သို့ ၃. ၂၁၄ ကီလိုမီတာ ရှိပြီး အရှေ့မှ အနောက်သို့ ၂.၉၃၃ ကီလိုမီတာ ရှည်လျားသည်။ အိန္ဒိယနိုင်ငံတွင် လူဦးရေ သန်းပေါင်း ၁၃၀၀ နီးပါးနေထိုင်ကြပြီး ကမ္ဘာမှာ ဒုတိယ လူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ၊ အနောက်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊တောင်ဘက်တွင် သိရိလင်္ကာနိုင်ငံ၊ မြောက်ဘက်တွင် ဟိမ၀န္တာတောင်တန်း၊ တရုတ်ပြည်၊ နီပေါနိုင်ငံ နှင့် ဘူတန်ပြည်၊ အနောက်မြောက်ဘက်တွင် အာဖကန်နစ္စတန်နှင့် ပါကစ္စတန်နိုင်တို့ဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ ဘီစီ(B.C) ၁၅၀၀ ခန့်တွင် နေထိုင်လာခဲ့ကြသော အာရိယန်မျိုးနွယ်စုများသည် အောက်ခြေသိမ်း ခြေသလုံးအိမ်တိုင်ဘ၀မှသည် စိုက်ပျိုးရေးလုပ်ငန်းအထိ အသက်မွေးဝမ်းကြောင်းဘ၀သို့ရောက်အောင် ဖန်တီးပြီး ကျေးရွာ လူ့အဖွဲ့အစည်းများနှင့် နေထိုင်ခဲ့ကြသည်။
ဘီစီ(B.C) ၆-ရာစုတွင် လူမှုရေးနှင့် ပညာရေးများ ဖွံ့ဖြိုးတိုးတက်လာပြီး ဗုဒ္ဓဂေါတမနှင့် မဟာဝီရ(ဂျိန်းဘုရား)တို့ ပေါ်ထွန်းခဲ့သည်။
ဘီးစီ(B.C) ၃-ရာစုတွင် အိန္ဒိယပြည်ကြီးကို ၀င်ရောက်တိုက်ခိုက်ခဲ့သော ဂရိနိုင်ငံမှာ စစ်ဗိုလ်ကြီး အလက်ဇံဒါ အား တိုက်ထုတ်နိုင်ခဲ့သော ဘုရင်မှာ မောရိယ မျိုးနွယ်ဝင်ဘုရင်ကြီး စန္ဒဂုတ္တမင်းဖြစ်သည်။
အလက်ဇံဒါသည် ပန်ဂျက်ပြည်ကိုလည်း သိမ်းပိုက်အုပ်စိုးခဲ့သည်။ ထိုအချိန်တွင် စန္ဒဂုတ်မင်းသည် မဂဓနေပြည်တော်ကြီးကို မအုပ်ချုပ်သေးပေ။ အလက်ဇံဒါသည် အိန္ဒိယပြည် အလယ်ပိုင်းကို သိမ်းပိုက်လိုက်သောအခါ စန္ဒဂုတ်မင်းကြီးသည် မဂဓနေပြည်တော်ကြီးကို အုပ်ချုပ်နေသော ပါဋလိပုတ်တွင် နန်းစိုက်သည့် ဓနနန္ဒမင်းကြီးကို ဇနက္က ပုဏ္ဏားအမတ်ကြီး အကူအညီဖြင့် နန်းချကာ သတ်ဖြတ်ပြီး သိမ်းပိုက်အုပ်ချုပ်ခဲ့သည်။
ဇနက္ကပုဏ္ဏားအမတ်ကြီးသည် ဓနနန္ဒဘုရင်ကြီး၏ ပညာရှိအမတ်တစ်ယောက်ဖြစ်ပြီး အတတ်ပညာပေါင်း မျိုးစုံကို တတ်မြောက်သောသူလည်းဖြစ်သည်။ သူသည် အိန္ဒိယပြည်ကြီးကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်လာသော ဂရိစစ်ဗိုလ်ကြီး အလက်ဇံဒါ ကိုတိုက်ထုတ်နိုင်ရန် ဓနနန္ဒ ဘုရင်ကြီးထံမှ အသပြာ (၆) သိန်းတောင်းခံခဲ့သည်။ ထိုသို့တောင်းခံသည်ကို ဘုရင်ကြီးက အထင်သေးပျက်ရည်ပြုပြီး ဇနနက္ကအမတ်ကို နန်းတွင်းမှ နန်းပြင်သို့ ဆွဲထုတ်ခဲ့သည်။
ထိုသို့လုပ်ရပ်ကို မကျေနပ်သည့် အမျက်ဒေါသနှင့် ဇနက္ကအမတ်ကြီးသည် စန္ဒဂုတ်မင်းကြီးနှင့်တိုင်ပင်ပြီး ဓနနန္ဒမင်းကြီးကို နန်းချ အသေသတ်ကာ မဂဓအင်ပါယာကို သိမ်းပိုက်လိုက်လေသည်။ထိုအချိန်မှစ၍ စန္ဒဂုတ်ဘုရင်နှင့် ဇနက္ကအမတ်တို့ ပေါင်းမိသွားပြီး ဂရိစစ်ဗိုလ်ကြီးအလက်ဇံဒါ ကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။
မဂဓအင်ပါယာ ပါဋလိပုတ်ပြည်ကြီးတွင် မောရိယမင်းဆက်ကို မျိုးစေ့အုဌ်မြစ်ချခဲ့သူမှာ စန္ဒဂုတ်မင်းပင်ဖြစ်သည်။ မဟာဝင်ကျမ်းများ၏အဆိုအရ မောရိယဆိုသည်မှာ ဟိမ၀န္တာတောင်တန်းအနီး၌ ဥဒေါင်း၊ ကြိုးကြာသံတို့ဖြင့် အလွန်နှစ်လို သာယာဖွယ်ကောင်းသော မြို့တမြို့ရှိသည်။ ထိုမြို့၌ အုပ်ချုပ်နေထိုင်သော ဘုရင်ကို မောရိယ ဘွဲ့ကို ပေးအပ်ကြသည်။ ထိုအချိန်ကစ၍ မောရိယဟူသော အမည်မှာ တွင်ကျယ်လာပြီး မောရိယမင်းဆက်လည်း ပေါ်ပေါက်လာသည်ဟုဆိုသည်။
တနေ့သောအချိန်တွင် တခြားတိုင်ပြည်က ဘုရင်တပါးသည် မောရိယဘုရင်ကြီးကို လာရောက်တိုက်ခိုက်သောအခါ မိဖုရားများနှင့်အတူ ပါဋလိပုတ်ပြည် အနီးသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထိုအချိန်တွင် ကိုယ်ဝန် အရင့်အမာရှိနေသော မိဖုရားငယ်တယောက်သည် မကြာမီပင် သားငယ်လေးတယောက်ကို မွေးဖွါးခဲ့သည်။ စစ်ပြေးဒုက္ခသည် အဖြစ်ဖြင့် ထွက်ပြေးနေရသောအချိန်တွင် အလွန်ဆင်းရဲနေကြရပြီး သားငယ်လေးကို မွေးမြူရန် မတတ်နိုင်သည့်အတွက် နွားများထွက်လာသည့်အခါ နင်းသတ်၍ သေပါစေဆိုပြီး နွားခြံ၏ အပေါက်ဝတွင် သားငယ်ကို ပစ်ချထားခဲ့သည်။ စန္ဒအမည်ရှိ နွားလားကြီးသည် ရှေ့ဦးစွာထွက်လာပြီး အခြားနွားများ မနင်းရအောင် ကလေးငယ်ကို ခွထားပြီး အကာအကွယ်ပေး၍ အသက်ရှင်ခဲ့ရသည်ကို အကြောင်းပြု၍ (စန္ဒဂုတ္တ) စန္ဒဂုတ်မင်းဟု အမည်တွင်ခဲ့သည်ဟု ဆိုသည်။
စန္ဒဂုတ်မင်းကြီးသည် မဂဓအင်ပါယာ(အိန္ဒိယနိုင်ငံတော်)ကို ဘီစီ(B.C) ၃၂၂-နှစ်မှ ၂၉၈-ခုနှစ်အထိ ၂၄-နှစ်တိုင်တိုင် အုပ်စိုးပြီး နတ်ရွာစံခဲ့သည်။ ထို့နောက် စန္ဒဂုတ်မင်းကြီး၏ သားတော် ဗိန္ဒုသာရမင်းကြီး နန်းတက်လာသည်။ သူသည် ဘီစီ(B.C) ၂၉၈-ခုနှစ်မှ ၂၇၂-ခုနှစ်အထိ ၂၆-နှစ်တိုင်တိုင် အုပ်ချုပ်ပြီး နတ်ရွာစံခဲ့သည်။ ထို့နောက်သူ၏သားတော် အသောကဘုရင် နန်းတက်လာသည်။ ဘုရင်အသောကသည် ဘီစီ(B.C) ၂၇၂-ခုနှစ်မှ ၂၃၂-ခုနှစ်အထိ နှစ်ပေါင်း ၄၀-အုပ်ချုပ်ခဲ့သည်။
အသောကဘုရင်၏ ငယ်နာမည်မှာ စန္ဒာသောကဖြစ်ပြီး ညီအကို(၉၉)ယောက်ကို သတ်ဖြတ်ပြီးနောက် ပါဋလိပုတ်နေပြည်တော်ရှိ မောရိယနန်းတော်ကြီးကို သိမ်းပိုက်အုပ်ချုပ် မင်းလုပ်တော်မူသည်။ သူသည် ဘီစီ(B.C) ၂၃၂-ခုနှစ်တွင် နတ်ရွာစံကံတော်ကုန်သည်။ ထို့နောက် သူ၏သားတော် ကုလနမင်း အုပ်ချုပ်သည်။ ထို့နောက် သူ၏သားတော် ဒသရထမင်း အုပ်ချုပ်သည်။ ထို့နောက် သူ၏ညီတော် ဆံပြတိမင်း အုပ်ချုပ်သည်။ ထို့နောက် သူ၏သားတော် ဆာလိသျှူကမင်း အုပ်ချုပ်သည်။ ထို့နောက်သူ၏သားတော် ဒေ၀၀ရမင်း အုပ်ချုပ်သည်။ ထို့နောက် သူ၏သားတော် ရှတဓနုမင်း အုပ်ချုပ်သည်။ ထို့နောက် သူ၏ညီတော် ဗြိဟဒြမင်း အုပ်ချုပ်သည်။ ဤကဲ့သို့ အသောက၏ အနွယ်တော်များ ဖြစ်ကြသော မင်း(၇) ဆက်တို့သည် အိန္ဒိယနိုင်ငံ၊ မဂဓအင်ပါယာကြီးကို ဘီစီ(B.C ခရစ်မပေါ်မှီ) ၁၈၄-ခုနှစ်တိုင်အောင် စိုးစံအုပ်ချုပ်ခဲ့ကြသည်။
မောရိယမင်းဆက် ပြုတ်ပြီးသည်နောက် အိန္ဒိယနိုင်ငံတော်၏ နိုင်ငံရေးအခြေအနေမှာ နှစ်ပေါင်း ၅၀၀ ခန့်လောက် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ ထို့နောက် အေဒီ(A.D ခရစ်တော်ပေါ်ပြီး) ၄-ရာစုကုန်ခါနီးအချိန်တွင် ဂုတ္တ၀ံသ အမည်ဖြင့် မင်းတဆက်ပေါ်ပေါက်လာခဲ့သည်။
ဂုတ္တမင်းဆက် ပြုတ်ပြီးသည်နောက်မှာလည်း အိန္ဒိယနိုင်ငံတော်၏ နိုင်ငံရေးအခြေအနေမှာ မငြိမ်မသက်တော့ဘဲ ဆူပူသောင်းကျန်းထကြွခဲ့သည်။ တစ်မြို့တနယ်၊ တစ်ပြည်တစ်မင်းဖြစ်ပြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။ ဤသို့ နှစ်ပေါင်း ၂၅၀-ခန့်လောက် ကွဲပြားခဲ့ပြီး သမိုင်းရာဇ၀င်များလည် ပျောက်ကွယ်ခဲ့သည်။ ထို့နောက် ပါလမင်းဆက်များ အုပ်ချုပ်ခဲ့သည်။ ဤကဲ့သို့ အိန္ဒိယနိုင်ငံတော်ကြီးကို ဟိန္ဒူမင်းများ၊ မူစလင်မင်းများ၊ အင်္ဂလိပ်ဘုရင်များ စသည်ဖြင့် ရာစုနှစ်ပေါင်းများစွာ အသီးသီး အုပ်ချုပ်ခဲ့ကြသည်။
အေဒီ(A.D) ၁၇-ရာစုတွင် အိန္ဒိယနိုင်ငံသို့ ဥရောပတိုက်မှ ဗြိတိသျှ၊ ပြင်သစ်၊ ဒတ်ခ်ျ၊ ပေါ်တူဂီလူမျိုးများ ရောက်ရှိလာပြီး ကုန်သွယ်ရေးစနစ်များတည်ထောင်ခဲ့ကြသည်။
ထိုကုန်သွယ်မှု အကျိုးရလာဒ်များသည် နိုင်ငံရေးနှင့် ဆက်စပ်သွားပြီး ၁၇၅၇-ခုနှစ်တွင် အိန္ဒိယကို ဗြိတိသျှတို့ သိမ်းပိုက်စိုးမိုးသွားခဲ့သည်။ ထို့ကြောင့် အိန္ဒိယပြည်သူများသည် အမျိုးသားရေး မျှော်မှန်းချက်များနှင့် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ခွင့် လိုလားချက်ကြောင့် ၁၈၅၇-ခုနှစ်တွင် ပထမ လွတ်လပ်ရေးစစ်ဖြစ်ခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပန်းမှုကို အကြောင်းပြု၍ အိန္ဒိယအမျိုးသား ကွန်ဂရက်ကို ၁၈၈၅-ခုနှစ်တွင် တည်ထောင်ခဲ့ကြပြီး ၁၉၄၇-ခုနှစ် သြဂုတ်လ ၁၅-ရက်နေ့တွင် အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။
၁၉၅၀-ခု၊ ဇန်န၀ါရီလ ၂၆-ရက်နေ့တွင် အိန္ဒိယနိုင်ငံသည် ပါလီမာန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ သမ္မတနိုင်ငံဖြစ်လာခဲ့သည်။
အိန္ဒိယနိုင်ငံတွင် မဟတ္တမဂန္ဒီ၊ နေရူး၊ အန္ဒြာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ စသောကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များ ပေါ်ထွန်းခဲ့သည်။ အိန္ဒိယနိုင်ငံသား အများစုမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြပြီး မူစလင်၊ ဆစ်ခ်၊ ရစ်ယာန်၊ ဂျိန်းနှင့် အနည်းငယ်သော ဗုဒ္ဓဘာသာဝင်များ ရှိကြသည်။ အိန္ဒိယနိုင်ငံတွင် မျိုးနွယ်စုပေါင်းများစွာ နေထိုင်ကြပြီး တစ်နိုင်ငံလုံးတွင် ဘသာစကားကြီး ၁၅-မျိုးနှင့် ဒေသဆိုင်ရာ ဘာသာစကားပေါင်း ဂ၄၄-မျိုးရှိသည်ဟု သိရသည်။ ယင်းဘာသာစကားများထဲမှ ဟိန္ဒူဘာသာစကားကို အမျိုးသားဘာသာစကားအဖြစ် သတ်မှတ်ထားပြီး အင်္ဂလိပ်စကားကို ဒုတိယရုံးသုံး ဘာသာစကားအဖြစ် သတ်မှတ်ထားသည်။
အိန္ဒိယနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့် ပတ်သတ်သော သံဝေဇနိယ လေးဌာန၊ အ၀ိဇဟိတ လေးဌာန စသော ရှေးဟောင်း ကျောင်းကန် စေတီပုထိုးများရှိသကဲ့သို့ ဟိန္ဒူ ဘာသာ၊ဂျိန်းဘာသာများနှင့် ပတ်သတ်သော သမိုင်းဝင်နေရာများလည်းရှိသည်။ ထို့ပြင် တာ့ဂ်ျမဟာလ်၊ မဟာအီဘုရားကျောင်းစသော ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံများနှင့် ကမ်းခြေများ၊ သဘာဝတောင်တန်းများ၊ ပေပေါင်း ၇၉၀၀၀ မြင့်ပြီး အလျားမိုင်ပေါင်း ၁၅၀၀၊ အနံမိုင် ပေါင်း ၁၅၀ ရှိသော ဟိမ၀န္တာတောင်တန်းကြီးများလည်းရှိသည်။ အိန္ဒိယနိုင်ငံတွင် အရှေ့ဘက်မှာ ကာလကတ္တားမြို့၊ အနောက်ဘက်မှာ မွန်ဘိုင်း(ယခင်က ဘုံဘေ)မြို့၊ မြောက်ဘက်မှာ နယူးဒေလီမြို့၊ တောင်ပိုင်းမှာ ချန်နိုင်း(ယခင် မဒရက်စ်)မြို့၊ အလယ်မှာ ဘင်ဂလိုမြို့ဟူ၍ အလွန်ကြီးကျယ်ထင်ရှားသော မြို့ကြီး ငါးမြို့ရှိသည်။
--------------------
စေတနာဖြင့်
ဓမ္မဒါယာဒ အရှင်နန္ဒသာရ(မဇ္ဈိမဒေသ)
အိန္ဒိယဖုန်း (+91)9801405334
ven.nandasara11@gmail.com

- 32 people like this.
No comments:
Post a Comment