Monday, April 21, 2014

16 hours ago အချစ်က နင်နဲ့ငါ

အချစ်က နင်နဲ့ငါ
ဂရုစိုက်ခြင်းတွေနဲ့ ယှက်နွှယ်ထားတဲ့ဘဝပါ

အချစ်က နင်နဲ့ငါ
ဆင်းရဲဒုက္ခကြားမှာ မပြောင်းလဲတဲ့ကတိပါ

အချစ်က နင့်ရဲ့လက်ပါ
ငါ့ရဲ့ဒဏ်ရာတွေကို ပွတ်သပ်နှစ်သိမ့်ပေးတာ

အချစ်က ငါ့ရဲ့နှလုံးသားနဲ့ နင့်ရဲ့ပျော်ရွှင်ကြည်နူး၊ နာကျင်ကြေကွဲမှုတွေကို နားထောင်ပေးတာ

နင့်ရဲ့အချစ်ကတိက ငါ့ကို လင်းလက်တဲ့နေရောင်ခြည်ကိုတွေ့စေခဲ့တယ်
အချစ်ကငါ့ကိုပွေ့ဖက်လို့ ... ဘဝက ငါ့ကိုနာကျင်ညဉ်းပန်းမှုတွေ အဆုံးမဲ့ပေးနေလည်း ပျော်ရွှင်ခြင်းကို ငါပိုရတယ်လို့ ခံစားမိတယ်....

ဒါက ခုတစ်လော ကျွန်မနေ့တိုင်းနားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ထဲက စာသားတချို့ပါ ... အချစ်ကို လူတွေအမျိုးမျိုးဖွဲ့ဆိုကြမှာပေါ့.. တချို့က အချစ်ကို နာကျင်ရက်စက်တယ်လို့ ဖွဲ့ဆိုကြတယ်၊ တချို့က အချစ်ကို ကြည်နူးနှစ်သက်ဖွယ် ဖွဲ့ဆိုကြတယ်။ ကျွန်မ ဟိုးဘလော့ရေးတုန်းက ကောင်လေး၊ ကောင်မလေးတချို့ရဲ့ အီးမေးလ်တွေရခဲ့တယ်။ များသောအားဖြင့်က နှလုံးသားရေးရာတွေပေါ့.. တချို့ကောင်လေးကရေးတယ်.. အစ်မစာတွေကို ဖတ်ပြီး ကျွန်တော့်ကောင်မလေးကို ကျွန်တော်ပိုချစ်တတ်ခဲ့ပြီ၊ ပိုနားလည်မှုပေးတတ်ခဲ့ပြီတို့ပေါ့။ တချို့ကောင်မလေးတွေကလည်း ရေးတယ်.. အစ်မစာတွေကို ချစ်သူကိုပေးဖတ်လိုက်တော့ ကျွန်မကိုအရင်ကထက် ဂရုပိုစိုက်လာတာတို့ပေါ့။ ချစ်တာကောင်းပါတယ်.. မုန်းတာထက်စာရင် ချစ်တာက လူကိုကြည်နူးစေတယ်၊ နူးညံ့သိမ်မွေ့စေတယ်။ ဒီလို လူကိုနူးညံ့သိမ်မွေ့တဲ့အချစ်က အပေါ်က သီချင်းစာသားထဲကလိုအချစ်ပေါ့။ တစ်ယောက်ကိုတစ်ယောက် ဖေးမတယ်၊ အားပေးတယ်၊ နှစ်သိမ့်တယ်၊ နားလည်မှုပေးတယ်။ အဲဒါနဲ့ဆန့်ကျင်ဘက်ဆိုရင် အချစ်က ခါးသီးတာ၊ ရက်စက်တာ၊ နာကျည်းတာတွေ ဖြစ်သွားတာပေါ့။

ဖေ့စဘုတ်မှာလည်း မက်ဆေ့တွေရပါတယ်.. လူမူရေး၊ မိသားစုအရေး၊ ပုဂ္ဂိုလ်ရေး အစုံအစုံ.. များသောအားဖြင့်က နှလုံးသားအရေးတွေ။ တချို့ကလည်း နာမည်အမှန်နဲ့မိတ်ဆက်ပြီး ပွင့်ပွင့်လင်းလင်း ကျွန်မကိုတိုင်ပင်တယ်၊ အကြံဉာဏ်တောင်းတယ်၊ တချို့ကလည်း နာမည်ဝှက်နဲ့ ရေးတာမျိုးရှိတယ်။ ဘယ်လိုမျိုးနဲ့ရေးရေး ကျွန်မကို ယုံကြည်လို့ဖွင့်ဟတိုင်ပင်လာကြတဲ့အတွက် ဝမ်းသာတယ်။ ကျွန်မကို အစ်မကြီးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ယုံယုံကြည်ကြည်ရှိကြတဲ့အတွက် ကျေးဇူးလည်းတင်တယ်။ ကျွန်မအပေါ်ထားတဲ့ အဲဒီယုံကြည်မှုတွေကို ကျွန်မဘယ်တော့မှ မဖျောက်ဖျက်ဘူးလို့ ကတိပေးပါတယ်။ (ဒါက စကားကြုံတုန်းပြောလိုက်တာ၊ လူတွေသိအောင် ဖော်ပြပေးပါဆိုတဲ့ တချို့မက်ဆေ့ကလွဲလို့ တခြားဘာမက်ဆေ့၊ ဘာအရေးမှ ကျွန်မဆီကနေ ထွက်မသွားပါဘူး.. ဖေ့စဘုတ် မဟက်ခံရမချင်းပေါ့ :D)

နှလုံးသားရေးရာတွေပြောလာတဲ့ မောင်ညီမငယ်တချို့ကို ကောင်းမယ်ထင်တဲ့အကြံဉာဏ်တချို့ကျွန်မပေးဖြစ်တယ်။ အဲဒီရည်းစားစုတ်ကြီးကို ဖြတ်သင့်တယ်လို့ထင်ရင် ဖြတ်ပလိုက်လို့လည်း ကျွန်မကတော့ပြောတာပဲ... သူတို့ကလည်း ဟုတ်ကဲ့ပေါ့. .ဖြတ်မဖြတ်တော့ မသိဘူး ။ (ဥပမာ-- ဘာသာမတူလို့ ရှေ့မဆက်နိုင်တဲ့ရည်းစား၊ ဒီတစ်ယောက်နဲ့မပြတ်ခင် နောက်တစ်ယောက်ပြောင်းတဲ့ရည်းစား.. နားလည်မှုမပေးနိုင်တဲ့ အမျိုးမျိုးသောရည်းစားတွေပေါ့)။

မိသားစုအကြောင်း တိုင်ပင်လာသူတွေကိုတော့ ကျွန်မသိပ်အကြံဉာဏ်မပေးတတ်ဘူး။ လင်မယားကြားပြဿနာဆို ပိုဆိုးတယ်။ လင်မယားဆိုတာ စရိုက်မတူတဲ့လူနှစ်ယောက်ပေါင်းတာမို့ ပြဿနာအနည်းအများက ရှိတတ်ကြတာပဲ။ နှစ်ယောက်ကောင်းဖို့၊ ရှေ့ဆက်သွားနိုင်ဖို့၊ မိသားစုပျော်ရွှင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဖို့လောက်ပဲ ကျွန်မအကြံပေးနိုင်တယ်။ အေး.. ကွာရှင်းပစ်လိုက်လို့ ကျွန်မပြောလို့မရဘူး။ ရည်းစားနဲ့ပြတ်သွားရင် နောက်ရည်းစားရှာလို့ရသေးတယ်။ ငဲ့စရာ၊ ပူစရာတွေမရှိဘူး။ လင်မယားကွဲရင် သားသမီးတွေဒုက္ခရောက်တယ်၊ တခုလပ်ဆိုတဲ့ နာမည်ကလည်း နားထောင်လို့ကောင်းတာမဟုတ်ဘူး။ ရန်ဖြစ်တုန်း၊ စိတ်တိုတုန်းပဲ စိတ်ထွက်ပေါက်အနေနဲ့ ကျွန်မဆီရင်ဖွင့်မယ်ဆိုရတယ်။ စိတ်ပြေသွားရင် ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်ဆိုတဲ့ အဖြေကိုရှာကြည့်ကြပေါ့။ လင်မယားကြားမှာပြဿနာတက်တယ်ဆိုတာ ကိုယ်ချည်းမှန်နေပြီး သူချည်းမှားနေလို့ဖြစ်တာမဟုတ်ဘူး။ တစ်ကြိမ်တည်းမှာ နှစ်ယောက်အတူစိတ်မတိုနဲ့ ဒေါသမထွက်နဲ့တဲ့။ သူစိတ်တိုနေရင် ကိုယ်ငြိမ်ပေးနေလိုက်ရင် တော်တော်လေးကို အဆင်ပြေကြမှာပါ။

လူတွေက အိမ်ထောင်ကျရင် အချစ်မလိုတော့ဘူးလို့ ဆိုကြတယ်။ ကိုယ့်မိန်းမ၊ ကိုယ့်ယောက်ျားကို ချစ်တယ်လို့ ဘယ်အချိန်ကပြောခဲ့ဖူးလဲ မှတ်မိကြလား။ မင်္ဂလာဆောင်ပြီးတစ်နှစ်အကြာမှာ ဒါမှမဟုတ် ကလေးတစ်ယောက်ရပြီးတဲ့နောက်မှာလား..။ ချစ်တာကို တစ်ဘက်လူသိအောင် ဘယ်အချိန်၊ ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ပြောသင့်တယ်လို့ ကျွန်မကတော့ ထင်ပါတယ်။ အိမ်ထောင်နှစ်ဘယ်လောက်ကြာကြာ၊ ကလေးဘယ်နှယောက်ရရ ကိုယ်ချစ်တာကို တစ်ဘက်လူသိအောင် ပြောပြသင့်တယ်။ ဒါမှ ဟိုးဆံဖြူသွားကျိုးတဲ့အထိ လက်ချင်းတွဲထားနိုင်မှာ။ ကျွန်မလည်း အရမ်းသိတာမျိုးမဟုတ်ဘူး.. အိမ်ထောင်သက်လည်း နုသေးတယ် ဒီလိုပဲ ရန်မဖြစ်၊ မငြင်းခုံတဲ့နေ့မရှိအောင် ကြိုးစားပြီးပေါင်းသင်းနေပါတယ်။ သင်ယူရင်း ရှေ့ဆက်သွားနေတာပါပဲ။ သီချင်းထဲကလိုပဲ တစ်ယောက်ကိုတစ်ယောက် အားပေးလိုက်၊ နှစ်သိမ့်လိုက်၊ ဖေးမလိုက် တစ်ခါတခါ ငြင်းခုန်လိုက်နဲ့ နေ့ရက်တွေကို ဖြတ်ကျော်နေပါတယ်ပေါ့။
(ရေးကောင်းကောင်းနဲ့ လျှောက်ရေးလိုက်တာ စာရှည်သွားတယ်.. ဆောရီး...)

သီချင်းနားထောင်ရအောင်... https://www.youtube.com/watch?v=6R4KldhhNZM

အချစ်က နင်နဲ့ငါ
ဂရုစိုက်ခြင်းတွေနဲ့ ယှက်နွှယ်ထားတဲ့ဘဝပါ

အချစ်က နင်နဲ့ငါ
ဆင်းရဲဒုက္ခကြားမှာ မပြောင်းလဲတဲ့ကတိပါ

အချစ်က နင့်ရဲ့လက်ပါ
ငါ့ရဲ့ဒဏ်ရာတွေကို ပွတ်သပ်နှစ်သိမ့်ပေးတာ

အချစ်က ငါ့ရဲ့နှလုံးသားနဲ့ နင့်ရဲ့ပျော်ရွှင်ကြည်နူး၊ နာကျင်ကြေကွဲမှုတွေကို နားထောင်ပေးတာ

နင့်ရဲ့အချစ်ကတိက ငါ့ကို လင်းလက်တဲ့နေရောင်ခြည်ကိုတွေ့စေခဲ့တယ်
အချစ်ကငါ့ကိုပွေ့ဖက်လို့ ... ဘဝက ငါ့ကိုနာကျင်ညဉ်းပန်းမှုတွေ အဆုံးမဲ့ပေးနေလည်း ပျော်ရွှင်ခြင်းကို ငါပိုရတယ်လို့ ခံစားမိတယ်....
.
Like · ·

No comments:

Post a Comment