Tuesday, April 15, 2014

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေး
=========================
နေပြည်တော် ဧပြီ ၁၄
မွန်ဂိုလီးယားနိုင်ငံ၌ချစ်ကြည်ရေးခရီးရောက်ရှိနေသော
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည် ဧပြီ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅ မိနစ်က မွန်ဂို လီးယားနိုင်ငံ State Palace ၌ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်H.E.Mr.N.Altankhuyag နှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်က မွန်ဂိုလီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှုအပေါ်ဂုဏ်ပြုပါကြောင်း၊ မိမိတို့ နိုင်ငံသည်လွန်ခဲ့သော၂၅ နှစ်တာကာလက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများစတင်လုပ်ဆောင်ခဲ့ပါ ကြောင်း၊ နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုပြီး အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေးနှင့် ဟိုတယ်ခရီးလုပ်ငန်းများတွင် အတွေ့အကြုံဖလှယ်၍ ပူးပေါင်းဆောင်ရွက်သွားလို ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်နာယကက မြန်မာ-မွန်ဂိုလီးယားနှစ်နိုင်ငံအနေဖြင့် ချစ်ခင်ရင်းနှီးမှုတိုးမြှင့်ရာတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း၊ နည်းပညာဖလှယ်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်းကဏ္ဍများသည် အဓိကနေရာမှ ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ထူးခြားသော သဘာဝအရင်းအမြစ်များရှိပါကြောင်း၊ တောတောင်၊ မြစ်ချောင်း၊ ပင်လယ်ကမ်းခြေများနှင့် ရှေးဟောင်းမြို့တော်များဖြစ်သော မန္တလေး၊ ပုဂံ၊ ပြည်သရေခေတ္တရာ စသောနေရာများသည် ကမ္ဘာလှည့်ခရီးသည်များ အလွန်စိတ်ဝင်စားကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထဝီနိုင်ငံရေးအရ အရေးပါသောနေရာတွင် တည်ရှိပြီး ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် အခြားသယံဇာတသတ္တု များ၊ ကျောက်မျက်ရတနာများလည်း ထွက်ရှိပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရောက်ရှိရာ မွန်ဂိုလီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ H.E.Mr.Ch.Sodnomtseren က ကြိုဆိုနှုတ်ဆက်ပြီး အစည်းအဝေးခန်းမ၌ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ရှင်းလင်း ပြသသည်။ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်၏ အီလက်ထရွန်နစ် မဲပေးစနစ်များကို လိုက်လံကြည့်ရှု လေ့လာခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့အား ဧပြီ ၁၃ ရက် ညနေ ၆ နာရီခွဲက မွန်ဂိုလီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.L.Bold က ညစာစားပွဲဖြင့်လည်းကောင်း၊ ဧပြီ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မွန်ဂိုလီးယားနိုင်ငံ သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး H.E.Mr.D.Gankhuyag က နေ့လယ်စာစားပွဲဖြင့် လည်းကောင်း တည်ခင်းဧည့်ခံသည်။
ဧပြီ ၁၄ ရက် ညနေ ၃နာရီ မိနစ်၂ဝတွင် ပြည်ထောင်စုလွှတ်တော်နာယက
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည် "Gobi"Cashmere စက်ရုံသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)
Like · ·

No comments:

Post a Comment