Friday, January 3, 2014

၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် မလေးရှားရောက် မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံနေရပြီး ဇန်န၀ါရီ ၁ ရက်ကလည်း မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံရ



03-01-2014

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆက်တိုက်အကြမ်းဖက် သတ်ဖြတ်ခြင်း ခံနေရပြီး ဇန်န၀ါရီ ၁ ရက် (အင်္ဂါနေ့) ကလည်း မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ သတင်းစာ Bernama ၏ ဖော်ပြချက်အရ သိရသည်။

အင်္ဂါနေ့နံနက် အစောပိုင်းက မလေးရှားနိုင်ငံ မလက္ကာမြို့ရှိ Pandan Malim ပလာဇာ၊ အစားအသောက် ရောင်းချသည့်နေရာတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲကြောင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ရပြီး ၎င်းအား မလေးရှားနိုင်ငံသား သုံးဦးက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း Bernama သတင်းစာက ဖော်ပြခဲ့သည်။

မလက္ကာမြို့ စီအိုင်ဒီအကြီးအကဲ ACP Raja Shahrom Raja Abdullah က ပြောဆိုရာတွင် တနင်္လာနေ့ နံနက်အစောပိုင်း ၂ နာရီ မိနစ် ၄၀ ခန့်တွင် အခင်းဖြစ်ပွားကြောင်း ဖုန်းခေါ်ဆိုမှု ရရှိသည့်အတွက် သွားရောက်ခဲ့ရာ အသက် ၂၅ နှစ်ရှိသည့် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သူ ကျော်ဆွေဦးမှာ သွေးအိုင်ထဲတွင် လဲကျလျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ပြောဆိုခဲ့သည်။

ကနဦး စစ်ဆေးချက်များအရ အသတ်ခံရသူသည် အစားအသောက်တန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးဖြစ်ပြီး ၎င်းသည်မလေးရှားနိုင်ငံသား သုံးဦးနှင့် ဖြစ်ပွားခဲ့သည့် ရန်ပွဲတွင် ပါဝင်ခဲ့ကာ ချွန်ထက်သောအရာဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

“အသတ်ခံရသူမှာရှိတဲ့ ဒဏ်ရာရယ်၊ အသတ်ခံရသူကို တွေ့တဲ့နေရာရဲ့ သိပ်မဝေးတဲ့ နေရာမှာ တွေ့ရတဲ့ သွေးစွန်းနေတဲ့ လက်နက်ရယ်ကြောင့် အသတ်ခံရသူဟာ ကတ်ကြေးနဲ့ ထိုးသတ်ခြင်း ခံရတယ်လို့ ယုံကြည်ရပါတယ်” ဟု စီအိုင်ဒီ အကြီးအကဲက ပြောကြားသည်။

၎င်းကဆက်လက် ပြောဆိုရာတွင် လူသတ်မှု၏ သံသယရှိသူများသည် အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့ကြသော်လည်း အသက် ၂၉ နှစ်ရှိသည့် သံသယရှိသူ တစ်ဦးကိုမူ ရဲတပ်ဖွဲ့က နံနက် ၄ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းသည်လည်း အစားအသောက်တန်းတွင် အလုပ်လုပ်ကိုင်သူ တစ်ဦးပင်ဖြစ်ကြောင်း ပြောဆိုသည်။

သံသယရှိသူအား ရဲတပ်ဖွဲ့က ရမန်ယူကာ ခုနစ်ရက် ထိန်းသိမ်းစစ်ဆေးမည်ဖြစ်ပြီး အခြားသံသယရှိသူ နှစ်ဦးအား ဖမ်းဆီးနိုင်ရေးအတွက်လည်း ဆက်လက်ခြေရာခံ စစ်ဆေးသွားမည်ဖြစ်ကြောင်း စီအိုင်ဒီ အကြီးအကဲက ဆက်လက်ပြောဆိုသည်။ ယခုဖြစ်စဉ်အား မလေးရှားနိုင်ငံ ရာဇ၀တ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် အုပ်စုဖွဲ့ သတ်ဖြတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး အဆိုပါ ဖြစ်ရပ်များတွင် ပါဝင်ကျူးလွန်ခဲ့သူ အများစုမှာလည်း ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးချေ။

မလေးရှားနိုင်ငံ ပီနန်းတွင် မြန်မာအမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရပြီး တစ်ပတ်အကြာတွင် ယခုလို မြန်မာအမျိုးသားတစ်ဦး ထပ်မံအသတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ဆက်တိုက်အကြမ်းဖက် ခံရမှုများနှင့် ပတ်သက်၍ မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲက အဆိုပါ ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများအပေါ် မကျေနပ်မှုများကြောင့် လက်စားချေ သတ်ဖြတ်မှုများ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

No comments:

Post a Comment