Friday, January 31, 2014

နောင်တတရား ဆယ်ပါး


*****************
၁။ ငယ်စဉ်ကာလ ပညာမသင်ခဲ့မိ၍ ကြီးလာအခါ
မသင်ခဲ့ရကောင်းလားဟူ၍ နောင်တ ရတတ်ခြင်း။

၂။ စီးပွါးရှာနိုင်ဖွေနိုင်သည့်အရွယ်၌ ဥစ္စာမရှာခဲ့မိ၍
အိုကြီးအိုမ ဇရာဒုဗ္ဗလ ဖြစ်သည့်အချိန်၌ စားစရာမရှိ၊
ဝတ်စရာ မရှိဖြင့်နောင်တတဖန် ပူပန်ရတတ်ခြင်း။

၃။ လူနှစ်ယောက် ချစ်နေ၊ ခင်နေ၊ အဆင်ပြေနေကြသည်ကို ယင်းသူနှစ်ဦးအားအချစ်ပျက်စေရန် မိမိကိုယ်တိုင်ပြုလုပ်ခဲ့မိခြင်းဟူသော
နောင်တတဖန် ရတတ်ခြင်း။

၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့ခြင်းဟူသော နောင်တရတတ်ခြင်း။

၅။ သူ့သားမယား ပြစ်မှားမိခဲ့ခြင်းဟူသော စိတ်ဆင်းရဲမှုနောင်တရတတ်ခြင်း။

၆။ လှူနိုင် တန်းနိုင်သည့်အချိန်၌ မလှူမိ၊ မတန်းမိခဲ့ရခြင်းဟူသော နောင်တ ရတတ်ခြင်း။

၇။ မွေးမြူ မိဘ၊ မပြုရ-ဟူသောအချက်၌ အဖေနှင့်အမေသက်ရှိထင်ရှားရှိသည့်အချိန်၌ မကျွေးမွေး၊ မပြုစုခဲ့မိ၍ အမေအဖေ မရှိတော့သည့်အချိန်၌နောင်တရတတ်ခြင်း။

ဤနောင်တသည် ကြီးရင့်ဇရာ၊ အိုသောခါ-အထိ မစောင့်ပါပေ။ အမေ နှင့် အဖေ သေပြီးသည်နှင့်တစ်ပြိုင်နက် ရတတ်သောနောင်တဖြစ်၏။

၈။ လူကြီးသူမတို့၏ ပြောဆိုဆုံးမခဲ့သောစကားကို နားမထောင်ခဲ့မိ၍ ဒုက္ခရောက်သည့်အချိန်၌ နောင်တရတတ်ခြင်း။

၉။ ကိုယ်သိလိုသောအကြောင်းအရာတို့ကို ပညာရှိတို့အားမေးမြန်းရပါမည်။ မေးပြီးနောက် မှတ်သားထားရပါမည်။ မမေးမိ၊ မမှတ်သားမိ၊ မနာခံမိလျင် အကြောင်းအရာတို့အား မသိနိုင်ပါပေ။ မသိနားမလည်တဲ့သောကြောင့် မရှိတာထက် မသိတာခက်ဖြစ်ပြီး မမေးခဲ့မိလေသော နောင်တရတတ်ခြင်း။

၁၀။ အမြတ်မကျင့်-လူ့ဘ၀သက်တမ်းတစ်လျောက်၌
မိမိပြုလုပ်ခဲ့သော ကိစ္စအရပ်ရပ်တို့အား စာရင်းချုပ်သောအခါ အကောင်း၊ အဆိုး၊ အယုတ်၊ အမြတ် နှစ်မျိုးသာရှိ၏။ကောင်းသောအလုပ်နှင့် မြတ်သောအလုပ်ကို မလုပ်ခဲ့မိ၍ ဆိုးသောအလုပ်နှင့်ယုတ်ညံ့သောအလုပ်တို့ကို သာလုပ်ခဲ့မိနေသည်ဟူသော
နောင်တတစ်ဖန်ရတတ်ခြင်း။

သို့ဖြစ်ပါ၍…. ကြီးရင့်ဇရာ အိုသောခါ၌ ပူဆာနောင်တ မဖြစ်ကြစေရန် မိမိတို့၏လက်ရှိအချိန်ကို ကောင်းစွာအသုံးချ၍ နောင်တတရားကင်းဝေးသော ဘ၀ကိုရယူနိုင်ပါစေ…ဟူသောဆန္ဒဖြင့် နောင်တ(၁၀)ပါးအားတင်ပြလိုက်ရပါသည်။

ဇနသန္ဓမင်း၊ ဒွါသနိပါတ်ဇာတ်ဝတ္ထု
မဃဒေလင်္ကာ ၊ ပုတ္တောဝါဒခန်း
( မြန်မာဗုဒ္ဓဘာသာစကားဝိုင်းမှ)

No comments:

Post a Comment