Friday, January 31, 2014

“အမျိုးစောင့်ဥပဒေကို လွှတ်တော်တင်ရန် ဒေါ်ခင်ဝိုင်းကြည်ကို တာဝန်ပေးထားတယ်”


^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဓမ္မကထိကဆရာတော် ဦးဝီရသူကို မွန်းတည့်နေဂျာနယ်တွင် ရေးသားခဲ့မှုအပေါ် လျှောက်ထားမေးမြန်းခွင့် ရခဲ့ပြီး အမျိုးစောင့်ဥပဒေကို လွှတ်တော်သို့တင်သွင်းမည့် အစီအစည်များကို မေးမြန်းလျှောက်ထားခွင့် ရခဲ့ပါ သည်။
မေး= အရှင်ဘုရားတို့အနေနဲ့ အမျိုးစောင့်ဥပဒေကို လွှတ်တော်ကိုတင်သွင်းဖို့အတွက် မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိအားပေးသွားမယ်လို့ ကြားသိရပါတယ်ဆရာတော်။ အဲဒီကိစ္စကို မိန့်ကြား ပေးပါ။
ဖြေ= အမျိုးစောင့်ဥပဒေကို လွှတ်တော်ကိုတင်သွင်းဖို့အတွက် NDF ပါတီက အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်ကို တာဝန်ပေးထားပါတယ်။ ဒကာမကြီးက သဘာပတိအဖြစ် ဆွေးနွေးမယ်၊ ပြီးရင် ဥပဒေကြမ်းရေးဆွဲတဲ့ ပညာရှင်တွေနဲ့ ညှိမယ်။ အကောင်းဆုံးဖြစ်အောင် အချောပြင်မယ်။ ပြီးမှ လွှတ်တော်ကို တင်သွင်းမယ်။ တင်သွင်းတဲ့အခါမှာလည်း အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ဖိအားတောင် ပေးစရာ မလိုဘူး လို့ထင်ပါတယ်။
မေး= အရှင်ဘုရားတို့ ၉၆၉ အဖွဲ့အစည်းအနေနဲ့ မြို့နယ်တွေမှာ ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ ဆရာတော်။
ဖြေ= မြို့နယ်တွေမှာ ဘာလှုပ်ရှားမှု ဘာမှ မလုပ်ပါဘူး။ အင်းစိန်ဗဟိုက စီမံတာကိုစောင့်နေကြတယ်။ အင်းစိန် ဗဟိုက နောက်တစ်ကြိမ်တင်ပြဖို့အတွက် လက်မှတ်တွေ ကောက်ကြပါဆိုရင် ထပ်မံကောက်ယူဖို့ အဆင်သင့် ရှိတယ်။ တစ်ကြိမ်ထက် တစ်ကြိမ် မအောင်မြင်မချင်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မေး= ဦးဇင်းအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဘယ်လိုအစီအစဉ်ရှိပါသလဲ ဆရာတော်။
ဖြေ= ဦးဇင်းတို့အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်မြို့မှာမှ အဓိကရုဏ်းတွေမဖြစ်ရအောင် မြို့တိုင်း မြို့တိုင်းကို ကမ်းလှမ်းထားပါတယ်။ မြို့တိုင်း မြို့တိုင်းမှာ ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိပါတယ်။
မေး= အရှင်ဘုရားကို မွန်းတည့်နေက ရေးသားဖော်ပြမှုအပေါ်ကို အရှင်ဘုရားအနေနဲ့ မိန့်ကြားစရာရှိပါသေး လား ဆရာတော်။
ဖြေ= ဦးဇင်းအနေနဲ့ မွန်းတည့်နေဂျာနယ်ကို ပြောချင်တာက အထောက်အထားတွေ ခိုင်ခိုင်လုံလုံနဲ့ ရေးသင့် တယ်။ အထောက်အထား မခိုင်လုံဘဲနဲ့ ပုဂ္ဂိုလ်စွဲနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အမုန်းတရားနဲ့ပဲဖြစ်ဖြစ် အဲဒီလို ရေးလိုက်တဲ့ မိမိဟာ မီဒီယာအတတ်ပညာနဲ့ နိုင်ငံသူ၊ နိုင်ငံသား တိုင်းသူပြည်သားတွေကို အလုပ်အကျွေးပြုရာ မရောက်တော့ဘဲနဲ့ မီဒီယာကို လက်နက်အဖြစ် အသုံးချပြီးတော့ တစ်စုံ တစ်ရာကို ထိခိုက်နစ်နာအောင် တိုက်ခိုက်ရာ ရောက်တယ်။ မီဒီယာရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို စောင့်စည်းဖို့ကို ဦးဇင်းအနေနဲ့ သတိပေးချင် ပါတယ်။
မေး= အင်တာနက် ဖေ့စ်ဘွစ်ခ် စာမျက်နှာတွေပေါ်မှာ သီတဂူဆရာတော်ဘုရားကြီးက ပြန်လည်ရှင်းခိုင်းတယ် လို့သိရပါတယ်ဘုရား။ အဲဒီကိစ္စကို မိန့်ပေးပါဦးဆရာတော်။
ဖြေ= ဟုတ်ပါတယ်။ ဒီကိစ္စဖြစ်လာတဲ့အခါ ဆရာတော်ဘုရားကြီးက ဦးဇင်းကို တာဝန်ပေးပါတယ်။ ဦးဇင်းတို့ ညီလာခံဖြစ်မြောက်ရေးကော်မတီကော၊ ညီလာခံမှာ တာဝန်ရှိသူတွေရော၊ ဦးဇင်းတို့ တရားဝင် ရှင်းပြီးသွားပါပြီ ဦးဇင်းတို့အနေနဲ့ နီးစပ်ရာ ဂျာနယ်ထဲမှာလည်း ကြေညာချက်ထည့်သလို၊ ဦးဇင်းရဲ့ အင်တာနက် ဖေ့စ်ဘွစ်ခ် ကလည်း တရားဝင် ထုတ်ပြန်ထားပါတယ်။
မေး= တပည့်တော်မေးခဲ့တဲ့ မေးခွန်းတွေအပေါ် အရှင်ဘုရားအနေနဲ့ ထပ်မံတစ်စုံတရာ ဖြည့်စွက်မိန့်ကြားစရာ ရှိပါသေးလားဆရာတော်။
ဖြေ= ဒီပြင်ကိစ္စတွေကိုတော့ ပြောစရာမရှိပါဘူး။ အားလုံးဟာ လူသားတွေပါ။ လူသားတိုင်း လူအသိရှိကြဖို့ အတွက်ကို တိုက်တွန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဘုရား။ (မျိုးကျော်)။
Like ·

No comments:

Post a Comment