Friday, January 3, 2014

မြန်မာ-အိန်္ဒိယ နယ်စပ်ကုန်သွယ်မှု ၂၀၁၅ တွင် ကန်ဒေါ်လာသုံးသန်းအထိ တိုးမြှင့်ရန်မှန်း



ဖြိုး|ဇန်န၀ါရီ ၃ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

အိန်္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်၏ ကုန်သွယ်မှုပမာဏကို ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ သန်း အထိတိုးမြှင့်ဆောင်ရွက်နိုင်ရန် မျှော်မှန်းကြောင်း အိန်္ဒိယကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် Mr.Narendra K. Rana က ပြောသည်။

“တရားဝင်ရော၊ တရားမ၀င် ကုန်သွယ်မှုလဲရှိတဲ့အတွက် တရားဝင်ကုန်သွယ်မှုလမ်းကြောင်း ပွင့်လာ အောင် အားပေးကူညီချင်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ နှစ်နိုင်ငံချစ်ကြည်ရေးလည်း တိုးတက်စေပါ တယ်”ဟု ၎င်းက ဆိုသည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုသည် ၂၀၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ သန်းမှ ၂၀၁၃ တွင် ၂ သန်းအထိ တိုးတက်လာခဲ့ရာ ၂၀၁၅ တွင် ၃ သန်းအထိ တိုးမြှင့်နိုင်ရန် မျှော်မှန်းထားကြောင်း၊ အိနိ္ဒယ၊ မြန်မာနှစ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ အဓိကထား ကြိုးစားရမည်ဖြစ်ပြီး အစိုးရဘက်မှ တိကျသည့် မူဝါဒများကို ချမှတ်ကာ လုပ်ငန်းရှင်များကို ပံ့ပိုးပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မတ်ပဲ၊ ပဲစင်းငုံ အစရှိသည့် ပဲမျိုးစုံကို အဓိကတင်ပို့မှုသည် အိန်္ဒိယနိုင်ငံ ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု တိုးတက်စေရန် အတွက် များစွာ ရည်ရွယ်ထားကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ အိန်္ဒိယနိုင်ငံဝန်ကြီးချုပ် ရောက်ရှိခဲ့စဉ်က မြန်မာနိုင်ငံ၏ အဓိကကျသော လယ် ယာစိုက်ပျိုးရေးကဏ္ဍနှင့် အခြားသောကဏ္ဍများကို ပါဝင်ပံ့ပိုးရန်အတွက် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ ပြီး ဖြစ်သည်။

“နယ်စပ်ကုန်သွယ်မှုပမာဏကို ဒေါ်လာ ၃ သန်းအထိတိုးဖို့ မျှော်မှန်းတယ်ဆိုတာ မြန်မာနိုင်ငံကလုပ်ငန်း ရှင်တွေအနေနဲ့ ဘယ်ကဏ္ဍမှာမဆို ပါဝင်နိုင်ဖို့အတွက် ရွှေးချယ်မှုပေးတာလည်း ဖြစ်ပါတယ်။ နိုင်ငံစီးပွား ရေးတိုးတက်ဖို့အတွက်က တစ်ခုတည်းကို ဦးတည်လုပ်လို့မရပါဘူး၊ အားလုံးနဲ့ ချိတ်ဆက် ဆောင်ရွက်ရ ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံနှင့် စီးပွားရေးသာမက ယဉ်ကျေးမှုရော ဖလှယ်ကာ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုကောင်းမွန်လာ အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ယခုလ ၁၇ ရက်မှ ၁၉ ရက်အထိ မန္တလေးမြို့၊ မြို့တော်ခန်းမတွင် Indo-Myanmar Chamber of Commerce (IMCCI)က အိန်္ဒိယနိုင်ငံမှ ကုန်သည်များ ဦးဆောင်သော India Product Show ၂၀၁၄ ကို ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

၎င်းပြပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များသာမက မုံရွာ၊ မြင်းခြံ၊ မိတ်္ထီလာ၊ ရွှေဘိုမြို့များမှ ကုန်သည်လုပ်ငန်းရှင်များကိုလည်း တက်ရောက်နိုင်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။

No comments:

Post a Comment