Friday, April 18, 2014

စစ် အာ ဏာ ရှင် ခေတ် အောက် ၀ယ်

စစ် အာ ဏာ ရှင် ခေတ် အောက် ၀ယ်
ကျောင်း သား လူ ငယ် များ နှင့် ရ ဟန်း သံ ဃာ များ
ခံ စား ၍ ယ နေ့ အ ခြေ အ နေ ရောက် အောင်
ပေး ဆပ် ခဲ့ ရ ပုံ များ ကို ယ နေ့ လူ ငယ် များ သိ ရှိ စေ ရန်
အ ပိုင်း လိုက် တင် ပြ အပ် ပါ သည်။
========================================
အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွန့် သာဓုခေါ်စေရန်) အပိုင်း (၂)
ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့
ဒုဗိုလ်မှူးကြီး လှရွှေ (ကြည်း) မျက်ထောင့်ကြီးနီလို့ “ကောင်လေး မင်းတို့
နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ် စဉ်းစားမှာကို မင်းတို့
ဒီလိုမလုပ်နဲ့။ မင်းတို့ဘဝဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့
တော်တော်မိုက်ကြတာပဲ” လို့ ပြောတယ်။
ဘေးဘယ်ညာက လေတပ်နှင့် ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်က ထိုင်ရင် လိုက်ထိုင်တယ်။ ထရင် လိုက်ထတယ်။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲ လုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ် ပြန်နားတယ်။ ဒီတခါတော့ နည်းနည်းကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ “မရှိပါ” ထပ်ဖြေတယ်။ တိုက်ပုံအမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံး ဥက္ကဋ္ဌကြီးဆိုလား သဘာပတိကြီးဆိုလား အစချီလိုက်ပြီး
“ယခုရုံးရှေ့ရောက် တရားခံရဲမင်းထွန်းနှင့် အပေါင်းပါသည် ၎င်းတို့၏ လွဲမှားသော အယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ် စီမံချက်ပုဒ်မ ၅(ည) နှင့် မတရားအသင်းဆက်သွယ်မှု ဆိုင်ရာ ပုဒ်မ ၁၇(၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်” လို့ ပြောလိုက်တဲ့ အခါ မှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချမှတ်ပေးမည်ဟု ဆိုကာ ခဏနားလိုက်ပါ တယ်။
ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅(ည) ၁၇(၁)နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍ လည်းကောင်း၊ မရင်ရင်ကို ၅(ည) ၁၇(၁)ဖြင့် ထောင်ဒဏ် (၆) နှစ် ကျခံစေဟူ၍ လည်းကောင်း ချမှတ်ကာ စစ်ခုံရုံး ရုပ် သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက်တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး(၁ဝ) နှစ်လို့ ထင်ကြေးပေးထားကြတာ။
(စစ်ခုံရုံးအပြင်ဆင် ပြောပြတာက ဦးခင်ညွန့်ရဲ့ စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာ တွေကို ဒီလိုပဲထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)
ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင်(ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော် တို့ကိုလည်း ငုတ်တုပ်ကလေးတွေ ထိုင်လျက်တွေ့ရပါတယ်။ ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံး ကို မီးမောင်းတွေ ထိုးကာ ထောင်ကျအကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။
ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့် တဦးပါပဲ။ သူက ကျနော့်ကို ဒီလို ပြောတယ်ဗျ။
“မိုက်လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာ အလုပ်ဆိုတာ ဘာလဲ” တဲ့။ “အရွေ့” လို့ ကျနော် ပြန်ဖြေတော့ “အေး မင်းဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးက လုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်း ထောင်ကျလာရတယ်” “တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲကျမယ်လို့ ငါတို့ထင်တယ်ကွ” “ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့အတွက် ချီးကျူးပါတယ်” “ မင်းယုံကြည်ချက်တွေ မင်းစိတ်ဓါတ်တွေကို မေ့လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူ မဟုတ်ဘူး။ ငါတို့က လက်ခံ ထိန်းသိမ်းပေးရတဲ့ ဌာန” “မင်းအနေနဲ့ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ် ဆို ရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမ တာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ” “ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင် အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်” လို့ အစချီကာဆုံးမ စကားကို ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။
ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း အဖအမည်-ဦးတင်ထွန်းဝေ ထောင်အမှတ် ၅ဝ၈၆ (မျဉ်းစောင်း) စီ။
(မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့ သာဖြစ်ပါသည်။)
ဒီလိုဆက်ဆံမှု အပြင်ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေ ဖြတ်သန်းရတာကို တွေးကြည့်ပါ မြင် ကြည့်ပါ
(၃) ဆောင်နှင့် ထောင်မှူးသိန်းမြင့်
အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါမကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်း လူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အင်္ကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော် တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင် ဥပဒေ အရ၊ သီးခြား ဦးစားပေး ဆက်ဆံမှု မပြုပါ)
ကျနော့်ကို အမှတ် (၃) ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃) ဆောင်ကို ကျနော် ရောက်သွားတာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြဝါဒပေးတယ်
“ထောင်ကျသွားပြီဖြစ်တဲ့ မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာမင်းနဲ့ဆိုင်တယ် မင်းအကြောင်းမင်းပြောရမယ်၊ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ
ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့်ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက်(စစ်ခွေး တိုက်) ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး (အဲဒီတုန်းက ဘာကြောင့်ပြောမှန်း မသိဘူး။ ထောင်မှူးရုံးခန်းရှေ့ မြေပြင်မှာ ပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ်
ဆရာတော်ကြီးတွေနှင့် အဘ သခင်အုန်းမြင့်တို့ ရှိနေတာကိုး)
(ဆက် လက် ဖော် ပြ ပါ မည်)
ရဲမင်းထွန်း
Ye Min Tun ဖေ့စ်ဘုတ်မှ …
Credit to: နေ့ သစ်
Like · ·

No comments:

Post a Comment