“ဒီမိုဘုန်းကြီး UZa Wana သို့ ပြန်ကြားချက်”
“ဆရာတော်ဦးဇဝနသို့ ပြန်ကြားချက်”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
(၁)
ဘုန်းကြီးဘုရား….
ဘုန်းကြီးရဲ့စာဖတ်ရပါတယ်ဘုရား။
အရှင်သာရိပုတ်မထေရ်ကြီးနှင့် ကိုရင်လေးဖြစ်စဉ် သာဓကပြုသွားတာ ကောင်းပါတယ်ဘုရား။ (ဒါပေမယ့် သင်္ကန်းအဝန်းမညီဖြစ်သွားတာလေးကို အမှားမဆိုသာပါဘူးဘုရား။) မြတ်စွားဘုရားက ဝိဘဇ္ဇဝါဒီပါ။ ဝေဖန်ရေးကို အလေးထားပါတယ်။
ပဝရဏာသုတ်မှာ ငါဘုရားကိုလည်း အပြစ်ရှိရင်ထောက်ပြကြ လို့ အတိအလင်း ဖိတ်ကြားထားတာပါ။ ဒါကြောင့် ဝေဖန်တာကို လက်ခံပါတယ်။ အပြုသဘောဆောင်ဝေဖန်တာ၊ အကြံပြုဆွေးနွေးတာ၊ ညှိနှိုင်းအဖြေရှာတာ၊ အပြစ်ပြဆုံးမတာကို အပြည့်အဝလက်ခံရမှာပါ။
စွပ်စွဲတာ၊ ပုတ်ခတ်တာ၊ လုပ်ကြံတာ၊ ပြစ်မှားတာ၊ စော်ကားတာ၊ အထင်လွဲပြီး ပျက်စီးရာ ပျက်စီးကြောင်းကြံတာတွေကိုတော့ ဝေဖန်ရေးနဲ့ မရောထွေမိပါစေနဲ့ဘုရား။
(၂)
“ဆရာတော်ဦးတိလောကဦးဆောင်လို့ အမှန်တရားဖြစ်မယ်လို့ မယုံကြည်ပါဘူး” ဆိုတဲ့စကားက ဝေဖန်တာလား? စွပ်စွဲတာလား?ဘုရား။
“ဆရာတော်တွေရဲ့အမျိုးဘာသာချစ်စိတ်ကို သံသယမရှိပေမယ့်”လို့လည်းဆိုသေးတယ်။ “အမှန်တရားဖြစ်မယ်လို့ မယုံကြည်ပါဘူး”လို့လာည်းပြောသေးတယ်။ စကားနှစ်ရပ်က ဆန့်ကျင်ဘက်များ ဖြစ်နေသလားလို့ပါ။ ရှေ့နောက်ညီအောင် ညှိပေးပါဦးဘုရား။
နောက်ပါကိုယ်တော်တချို့ရဲ့လုပ်ရပ်တွေက သံသယရှိတာနဲ့ပဲ မ.ဘ.သ ရဲ့လုပ်ရပ်တွေက ဆိုပြီး အချက် (၃)ချက်နဲ့စွပ်စွဲတာ တစ်ဖွဲ့လုံးကို ဝါးလုံးသိမ်းရိုက်ရာ မရောက်ဘူးလားဘုရား။ သံသယရှိသူမှန်သမျှကို ဆရာတော်ကြီးက ထာဝရကြိုဆိုနေပါတယ်။ မည်သူမဆို လာရောက်စုံစမ်းနိုင်ပါတယ်။ မ.ဘ.သရဲ့ဆောင်ရွက်ချက်က လွတ်လပ်ပွင့်လင်းပါတယ်။ ဘာမှ မလျှို့ဝှက်ပါဘူး။ ဝေဖန် လေကန် နိုင်ငံရေးသမားတွေသာ သွားပုပ်လေလွင့် ပြောနေကြတာပါဘုရား။
(၃)
ဘုန်းကြီး FB အကောင့်ဖွင့်ပေးခဲ့တာရော၊ ဘုန်းကြီးအကူအညီပေးခဲ့တာကိုပါ စကားစပ်မိတိုင်း ပြောမိပါတယ်ဘုရား။ ကျေးဇူးတရားမမေ့ပါဘုရား။
“သမ္မတကြီးထောက်ခံပွဲတွေ လုပ်လာကတည်းက ဝေးအောင်နေလိုက်တာပါ။”
“အခုနောက်ပိုင်း သူ့အလုပ်တွေကို တစ်ခုမှမထောက်ခံပါ”
ဆိုတာတွေကိုထောက်ရင် ဘုန်းကြီးဟာ အင်မတန်ရိုးသားသူမှန်း သိလိုက်ရပါတယ်ဘုရား။ ကြည်ညိုမဆုံးပါဘုရား။ ဘာဖြစ်လို့လည်းဆိုရင် အဖြူအမည်းကွဲသွားလို့ပါဘုရား။ နိုင်ငံရေးပါးဝတဲ့သူတော်တော်များများဟာ ရန်သူ မိတ်ဆွေ ခွဲခြားရခက်ပါတယ်ဘုရား။ အဖြေမပေါ်သေးခင်မှာ နှာစေးနေကြပြီး အခြေအနေကောင်းမှ စင်ပေါ်တက် လက်သီးလက်မောင်းတန်းပြကြတာ များပါတယ်ဘုရား။ ဒါကြောင့် ဘုန်းကြီးကို ကြည်ညိုမိသွားတာပါဘုရား။
(၄)
သမ္မတကြီးကို ထောက်ခံပွဲလုပ်တာဟာ အမျိုးသားရေးအတွက်ပါဘုရား။ ချစ်သူကိုအားကိုးမရရင် အားကိုလို့ရတဲ့သူကိုပဲ ချစ်ရမှာပါဘုရား။
အားမကိုးရတဲ့မိဘကြောင့် အဖေကြီး အမေကြီးတွေကိုပဲ ခင်တွယ်နေရတဲ့သားသမီးတွေ ဘုန်းကြီးမြင်ဖူးမှာပါနော်။ ဒါလည်း အပြည့်အဝထောက်ခံတာ မဟုတ်သေးပါဘုရား။ (စကားကြီး သုံးခွန်းကိုပဲ ထောက်ခံတာပါ။) ခုချိန်ထိလည်း လုပ်ရပ်အားလုံးကို ထောက်ခံနေတာမဟုတ်ပါဘူး။ အမျိုးသားရေးရှုထောင့်တစ်ခုတည်းကပဲ ထောက်ခံသေးတာပါ။
(၅)
“ခုနောက်ပိုင်း သူ့အလုပ်တွေကို တစ်ခုမှ မထောက်ခံပါ။”ဆိုတဲ့စကားကြောင့် လေးစားပါတယ်ဘုရား။ ကိုယ့်အမျိုးအနိုင်ကျင့်ခံနေရလို့ ကူညီထောက်ပံ့ခဲ့တာတွေ၊ ဒုက္ခသည်တွေကို လှူဒါန်းခဲ့တာတွေ၊ ဆင်းရဲသူ/သားတွေအတွက် စုဘူးထောင်ပေးခဲ့တာတွေ၊ ပညာဒါန ကျူရှင်ကျောင်းဖွင့်လှစ်ထားတာတွေ၊ ယဉ်ကျေးမှုသင်တန်း ဦးစီးဆောင်ရွက်နေတာတွေ၊ ကံကြီးကုန်း၊ မလက်တို၊ သမီးကလေး ကိစ္စတွေမှာ နိုင်ငံရေးသမားတွေလက်ရှောင်နေလို့ ပြည်သူ့ဘက်မှ ဝင်ရောက်ရပ်တည်ခဲ့တာတွေကိုလည်း မထောက်ခံဘူးပေါ့နော် ဘုရား။
(၆)
“ဦးဝီရသူတို့ဟောတဲ့ ဦးသိန်းစိန်ကိုထောက်ခံရမယ် ဆိုတဲ့ဗွီဒီယိုတွေ အွန်လိုင်းမှာပွထနေပါတယ်” ဝီရသူကတော့ အဲဒီလို တစ်ခွန်းမှမဟဖူးသလို တစ်ပွဲမှ မဟောဖူးပါ။ တစ်ပုဒ်မှ မဟောဖူးပါဘုရား။
အဲ့ဒီ ဗွီဒီယိုဖိုင်လေး ချီးမြှင့်ပါဦးဘုရား။ ဟောမိရင်လည်း တာဝန်ယူဖြေရှင်းပြီး တာဝန်ခံ ဆောင်ရွက်ပေးပါ့မယ်ဘုရား။
(၇)
“သူတို့တရားတွေကြောင့် မ.ဘ.သရဲ့အလုပ်တွေက
၁။ စစ်အစိုးရ ဆက်လက်တည်မြဲရေး။
၂။ NLD အစိုးရမဖြစ်ရေး။
၃။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲရေး လို့ပြောတာမမှားပါဘူး” ဟုတ်လားဘုရား။
ကုလားနဲ့တွဲနေပေမယ့် ပြည်သူ့အတွက်တွဲတာဆိုရင် ပြည်သူ့ဘုန်းဘုန်းပါပဲဘုရား။
စစ်သားနဲ့တွဲနေရင်လည်း ပြည်သူ့အတွက်တွဲတာဆိုရင် ပြည်သူ့ဘုန်းဘုန်းပါပဲဘုရား။
ဒီ/စီ သမားတွေနဲ့ တွဲနေရင်လည်း ပြည်သူ့အတွက်ပဲဖြစ်လို့ ပြည်သူ့ဘုန်းဘုန်းပါပဲဘုရား။
ကုလားဘုန်းဘုန်း၊ စစ်သားဘုန်းဘုန်း၊ ပါတီဘုန်းဘုန်းလို့ ပြောလို့မရပါဘုရား။
အဓိက ကတော့
ပြည်သူကို မလှည့်စားဖို့၊
သံဃာကို အသုံးမချဖို့၊
အမျိုးသားသစ္စာဖောက် မဖြစ်ဖို့၊
နိုင်ငံကို ရောင်းမစားဖို့ပါပဲဘုရား။
(၈)
ဘုန်းကြီး
ဆန္ဒစွဲဆိုတာသိတယ်နော်။
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပေါ့။
ချစ်သူကို သာစေ ဆိုတာပါပဲ။
ဒေါသစွဲဆိုတာ သိတယ်နော်။
အမုန်းတရားကို အခြေခံတာ။
ဓမ္မဒိဋ္ဌာန်မကျတာ။
မုန်းသူကို နာစေ သဘောထားတာ။
ဘယစွဲ ဆိုတာသိတယ်မလား။
လက်ထိပ်ကို ရင်ဆိုင်ရဲမှ၊ နံရံတွေ တံခါးတွေကိုရင်ဆိုင်ရဲမှ၊ ကျည်ဆန်ကိုရင်ဆိုင်ရဲမှ သတ္တိမဟုတ်ဘူး။ အမုန်းခံရဲတာလည်း သတ္တိပဲမဟုတ်လား?။ အမုန်းခံရဲတဲ့သတ္တိမရှိရင် နိုင်ငံရေးမလုပ်သင့်သလို ဓမ္မဒိဋ္ဌာန်ကျကျ မရပ်တည်တတ်ရင် ဘုရားသားတော် မပီသသေပါဘုရား။
(၉)
မ.ဘ.သရဲ့မူဝါဒက အစွဲကင်းကင်းရပ်တည်ဖို့ပါ။ အမှီအခိုကင်းပြီး လွတ်လပ်ပါတယ်။ အမျိုး ဘာသာ သာသနာတစ်ခုတည်းပဲ ကြည့်ပါတယ်။
မ.ဘ.သ ဟာ ခရဇ်ယန်ကိုသာမက ကမန်အစ္စလာမ်တွေကိုတောင် ညီနောင်ရင်းလို သဘောထားပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲအောင် ဘုန်းကြီးတို့က သွေးခွဲပေးတောင် မကွဲစေရပါဘူးနော်။
မ.ဘ.သ ကယ်ထားတဲ့ထဲမှာ ခရဇ်ယန်တွေပါသလို ခရဇ်ယန်တွေနဲ့လည်း ပူးပေါင်းလုပ်နေပါတယ်ဘုရား။
မ.ဘ.သမှာ ပစ်မှတ်အတိအကျရှိပြီးသားပါ။ နိုင်ငံရေးသမားတွေလို ပစ်မှတ်ပျောက်နေတာ မဟုတ်ပါဘူး။ စစ်အစိုးရကိုလည်း မလိုလားပါဘူး။ NLD အစိုးရမဖြစ်ရေးကိုလည်း မဆောင်ရွက်ပါဘူး။ ဘယ်သူတက်တက် နှစ်ချက်မခေါက်ဖို့ပဲ အရေးကြီးပါတယ်နော် ဘုရား။
(၁၀)
နိုင်ငံရေးလောကသား အားလုံး အဂတိတရားလေးပါး ကင်းစွာဖြင့် နိုင်ငံရေးဆောင်ရွက်နိုင်ပါစေဘုရား။
ဝီရသူ မူဝါဒကတော့
လက်စားမချေ၊ သင်ပုန်းချေပါဘုရား။
ကျေးဇူးမချေ၊ အမုန်းချေပါဘုရား။
ကျေးဇူးတင် လေးစားစွာဖြင့်
တပည့်
ဝီရသူ (မစိုးရိမ်)
14.4.2014/ 7:45- AM
ဦးဇဝန၏မူရင်းစာကို ပူးတွဲဖော်ပြပါသည်။
UZa Wana
April 12 • Edited
ဆရာတော်ဦးတိလောကဆိုတာက ဦးဆောင်လို့အမှန်တရားဖြစ်မယ်လို့မယုံပါဘူး ဆရာတော်နဲ့က လူချင်းလဲရင်းနှီးပါတယ် -ဆရာတော်ကြီးတွေမို့လို့မဝေဘန်ရဘူးဆိုတာ မဟုတ်ပါဘူး အရှင်သာရိပုတြာကို သာမဏေ ငယ်လေးကတောင် သတိချွတ်ယွင်းလျှင် ဖြစ်တတ်တဲ့အမှားကိုထောက်ပြခဲ့သေးတာပါ- ဆရာတော်တွေရဲ့အမျိုးဘာသာချစ်စိတ်ကိုသံသယမရှိပေမယ့် နောက်ပါကိုယ်တော်တချို့ရဲ့ လုပ်ရပ်တွေက သံသယရှိစရာပါ ဦးဝီရသူဆိုတာ ထောင်ကထွက်ကတည်းက သူ့အလုပ်တွေကိုကိုယ်တိုင်ကူညီပေးခဲ့တာ အခုသူဦးဝီရသူသုံးနေတဲ့ ဖေ့စ်ဘုတ်ကိုတောင် ကိုယ်တိုင်ဖွင့်ပေးခဲ့တာ နောက်ပိုင်း သမ္မတကြီးထောက်ခံပွဲတွေလုပ်လာကတည်းနဲ့ဝေးအောင်နေလိုက်တာပါ မိုးမခမှာပါနေတဲ့ဆောင်ပါး ဧရာဝတီ -ဘားမားဘီဂျေ ကဦးဝီရသူဆောင်းပါးတွေ အကုန် ပါအောင်ကိုယ်ဆောင်ရွက်ပေးခဲု့တာပါခုနောက်ပိုင်းသူအလုပ်တွေကိုတခုမှ မထောက်ခံပါ- ဦးပညာဝရတို့ ဦးဝီရသူတို့ဟောထားတဲ့- ဦးသိန်းစိန်ကို ထောက်ခံရမယ်ဆိုတဲ့တရားဗီဒီယိုတွေ အွန်လိုင်းမှာပွထနေပါတယ် သူတို့တရားတွေကြောင့် မဘသ ရဲ့အလုပ်တွေက ၁။ စစ်အစိုးရ ဆက်လက်တည်မြဲရေး
၂။ NLD အစိုးရမဖြစ်ရေး
၃။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရေးလို့ပြောတာမမှားပါဘူး

No comments:
Post a Comment