Monday, April 7, 2014

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

ok
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

ခေါင်းဆောင်ကောင်း
===========

မည်သည့်အဖွဲ့အစည်းမဆို ခေါင်းဆောင်ကောင်းသည် မရှိမဖြစ်လိုအပ်ပေသည်။ ခေါင်းဆောင်ကောင်းမှ တိုးတက်နိုင်သည်။ ခေါင်းဆောင်မှုအရည်အချင်းများနှင့် ပြည့်စုံသူများ ဦးဆောင်ဦးရွက်ပြုပါမှ တိုးတက်အောင်မြင်နိုင်ပါသည်။ ခေါင်းဆောင်သည် အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အရေးအကြီးဆုံးဖြစ်ပြီး မှန်ကန်တည့်မတ်စွာ ဦးဆောင်နိုင်မှ တိုးတက်နိုင်ပါသည်။

ခေါင်းဆောင်သည် ရထားစက်ခေါင်းနှင့်တူ၏။ ခေါင်းတွဲဆွဲရာ ရထားတွဲဆိုင်းကြီးတစ်ခုလုံး ဟန်ချက်ညီညီ မတိမ်းမစောင်းလိုက်ပါကြရပါ၏။ ခရီးစဉ်တစ်လျှောက်လုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးကို ဦးတည်ခုတ်မောင်းသွားကြရ၏။

ကျွန်ုပ်တို့လူမှုအဖွဲ့အစည်းအသီးသီးတို့တွင်လည်း ဤကဲ့သို့ပင် ဖြစ်၏။ ခေါင်းဆောင်များက မိမိတို့ အဖွဲ့အစည်းတစ်ရပ်လုံး၏ ရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် တည့်မတ်မှန်ကန်စွာဖြင့် ဦးဆောင်ဦးရွက်ပြုရပေသည်။ သို့မှသာ အောင်မြင်သောအဖွဲ့အစည်း ဖြစ်လာပြီး ရည်မှန်းချက်များပေါက်မြောက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။

အောင်မြင်ကျော်ကြားခဲ့သည့် ခေါင်းဆောင်များသည် အများယုံကြည်မှုရှိခြင်း၊ ရိုးသားခြင်း၊ ကြိုးစားခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်း၊ ရဲရင့်တည်ကြည်ခြင်း၊ စည်းကမ်းကောင်းခြင်း စသည့် အရည် အချင်းကောင်းများနှင့် ပြည့်စုံပြီး မိမိ၏နောက်လိုက်များကို လက်ရှိအခြေအနေမှ တိုးတက်ရန် နိုးကြားတက်ကြွလာစေရန်၊ တာဝန်ယူ ချင်စိတ် ဖြစ်ပေါ်လာစေရန် စည်းရုံးနိုင်သည့် စည်းရုံးရေးကောင်းသူများလည်း ဖြစ်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဧပြီ ၄ ရက်တွင် ဗထူးတပ်မြို့တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်းစစ်ရေးပြကွင်း၌ ကျင်းပသော တပ်မတော်(ကြည်း) ဗိုလ်သင် တန်းကျောင်း ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ခေါင်းဆောင်ကောင်းဖြစ်ရန် နောက်လိုက်ကောင်းဖြစ်ဖို့လည်း လိုပါသည်။ နောက်လိုက်ကောင်းဖြစ်ပါမှ ခေါင်းဆောင်ကောင်း ဖြစ်နိုင်ပါသည်။ ခေါင်းဆောင်ကောင်းဖြစ်လာရန် ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းများဖြစ်သော စွန့်လွှတ်အနစ်နာခံခြင်း၊ ရိုးသားကြိုးစား ခြင်း၊ပြည်တွင်းပြည်ပ ဗဟုသုတအကြားအမြင်များခြင်း၊အမြဲမပြတ် တိုးတက်နေသော အဖွဲ့အစည်းဖြစ်ရန် တီထွင်ကြံဆနေခြင်း၊ အဂတိတရားကင်းရှင်းခြင်း၊ လက်ရှိအခြေအနေမှ တိုးတက်အောင်နည်းလမ်းများ ကြံဆလုပ်ကိုင်ခြင်းစသော အရည်အချင်းကောင်းများနှင့် ပြည့်စုံနေရမည်ဖြစ်ပါသည်။

သို့ပါ၍ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းဖြစ်စေ၊ ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်စေ အဖွဲ့အစည်းများကို ဦးဆောင်သည့် ခေါင်းဆောင်များဖြစ်လာပြီဆိုလျှင် ခေါင်းဆောင်တစ်ဦး၏ ရှိသင့် ရှိထိုက်သော အရည်အချင်းများနှင့် ပြည့်စုံနေစေရန် အမြဲမပြတ် သင်ယူလေ့လာနေရမည် ဖြစ်ပါသည်။ ဦးဆောင်ဦးရွက်ကောင်းသော အဖွဲ့အစည်းများ နိုင်ငံအတွင်း ဖြစ်ထွန်းပေါ်ပေါက်လာပါမှ အစဉ်တိုးတက်နေသော လူမှုအသိုက်အဝန်းအဖြစ် တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
Like · ·

No comments:

Post a Comment