Saturday, December 28, 2013

ဘားအံဆွေးနွေးပွဲ ရက် သတ်မှတ်ရန် အစိုးရနှင့် KNU မဲဆောက်တွင် တွေ့မည်



ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည့် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲရက် သတ်မှတ်ရန်အတွက် အစိုးရနှင့် KNU တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KNU ဗဟို ကော်မတီဝင်များ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘားအံ ဆွေးနွေးပွဲ လုပ်မယ့်ရက်ကို အကြမ်းဖျင်း သတ်မှတ်နိုင်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဘားအံဆွေးနွေးပွဲ မတိုင်မီ ပြုလုပ်မည်ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် တည်ရှိရာ လေးဝါးစခန်းတွင် ပြုလုပ်မည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ကျင်းပမည့် နေ့ရက်ကို အစိုးရနှင့် ညှိနှိုင်းပြီးမှသာ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း KNU က ပြောဆိုထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် နှစ်ဖက် ရေးဆွဲ ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်း ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း မြန့်မာ့ ငြိမ်းချမ်းရေးစင်တာထံမှ သိရသည်။

ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည် ချင်းမိုင်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် တွေ့ဆုံမည် ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ တွေ့ဆုံကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း MPC က ထပ်ဆင့်ပြောဆိုသည်။

KNU နယ်မြေနှင့် ဘားအံမြို့တို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး အပြီးသတ် လုပ်ဆောင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အခြေခံ မူဘောင်များ ညှိနှိုင်းရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အသီးသီးက ပြောဆိုထားသည်

No comments:

Post a Comment