Saturday, December 28, 2013

ဂျမူးမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၌ မြန်မာနိုင်ငံသားတစ်ဦး သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂၇

အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ကက်ရှမီးယားပြည်နယ် မြို့တော် ဂျမူးတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက အသေးစား ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသား တစ်ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် Indian Express သတင်းစာတွင် ဖော်ပြထားသည်။

ဟိမဝန္တာ တောင်တန်းများပေါ်တွင် တည်ရှိနေသည့် ဂျမူးမြို့တော်၏ မြို့စွန်မြို့ဖျားရှိ သတ္တုစွန့်ပစ် ပစ္စည်းများ အရောင်းဆိုင်တွင် ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ပြီး တစ်ဦးသေဆုံး၍ အမျိုးသမီးတစ်ဦး၊ ကလေး ငယ် ၃ ဦးတို့မှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ယင်းသတင်းများအရ သိရသည်။

သေဆုံးသူမှာ မြန်မာနိုင်ငံသား စိုင်းဖူလာ ဆိုသူဖြစ်ပြီး၊ ၎င်းမှာ အဆိုပါ ဆိုင်တွင်နေ့စဉ် သတ္တုစွန့်ပစ် ပစ္စည်းများ လာရောက် ရောင်းချသူ ဖြစ်ကြောင်း ယင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းပေါက်ကွဲမှုမှာ ဗုံးလက်နက်ကြောင့် ဖြစ်နိုင်သော်လည်း၊ ဆိုင်အတွင်းရှိ ပေါက်ကွဲစေနိုင်သော သတ္တုအကြွင်းအကျန်များ၊ ဂက်စ်အိုး များကြောင့်လည်း ပေါက်ကွဲ စေနိုင်သောကြောင့် မကြာမီ စစ်ဆေး အဖြေထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဂျမူးမြို့ အကြီးတန်း အရာရှိတစ်ဦးက ပြောကြား ထားသည်။

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား ပြည်နယ်တွင် ၁၉၄၇ ခုနှစ်မှ စတင်ကာ အိန္ဒိယအစိုးရ၊ ကက်ရှ်မီးယား ခွဲထွက်ရေး ဒေသခံသူပုန်များနှင့် ပါကစ္စတန် အစိုးရတို့အကြား နယ်မြေ အငြင်းပွားမှုများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး၊ ဒေသတွင်း၌ မကြာခဏ အဓိကရုဏ်းများ၊ ပေါက်ကွဲမှုများ ဖြစ်ပွားလျက် ရှိသည်။

No comments:

Post a Comment