ဟိရီ သြတ္တပ္ပ သဘော
ဒါကြောင့် ဟိရီဆိုတာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကြည့်ပြီးတော့ ကိုယ့်ရဲ့ အရွယ်ကို ကြည့်တယ်၊ ဟိရီဖြစ်ဖို့ အကြောင်းတွေကို စဉ်းစားရမယ်၊ ကိုယ့်ကိုယ်ကို စဉ်းစားပြီးတော့ ဟိရီဖြစ်နေတယ်၊ ဘယ်လို ဟိရီဖြစ်သလဲဆိုတော့ အော် ငါ့အရွယ်နဲ့ ဒါ မလုပ်ထိုက်ဘူး၊ ဟောဒါ စဉ်းစားတာ၊ ငါ့လို ဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါမလုပ်သင့်ဘူး၊ ငါ့လို အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်လျက်နဲ့ အဲဒီလို မလုပ်ထုက်ဘူး၊ ငါ့လို စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ဒါ မလုပ်ထိုက်ဘူး ဆိုပြီးတော့ ကိုယ့်ရဲ့ အရည်အသွေး တစ်မျိုးမျိုးကို အာရုံပြုပြီး ဟိရီကို တိုးပွားစေရမယ်တဲ့၊ မကောင်းတာ မလုပ်ဖို့ ရှောင်ကြဉ်တဲ့ သဘောတရားတစ်ခုပဲ။
သြတ္တပ္ပကျတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို စဉ်းစားတာ၊ ဒါကြောင့်မို့ ဟိရီက ‘အဇ္ဈတ္တသမုဋ္ဌာန’ ကိုယ့်ကိုယ်ကို လေးစားပြီး ဟိရိသြတ္တပ္ပကျတော့ ‘ဗဟိဒ္ဓသမုဋ္ဌာန’ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကြည့်ပြီတော့ သြတ္တပ္ပဖြစ်ရတယ်၊ နှစ်ခုလုံးကတော့ မကောင်းမှု မလုပ်တာချင်း အတူတူပဲ၊ သို့သော် စဉ်းစားပုံချင်း ကွာတယ်ပေါ့။
မစင်လူးနေတဲ့ သံပူတုံး
ကျန်းဂန်တွေမှာ ဥပမာပေးထားတာရှိတယ်၊ သံတုံးကြီး တစ်ဖက်ကို ရဲနေအောင် မီးဖုတ်ထားတယ်၊ တစ်ဖက်ကတော့ မစင်အညစ်အကြေး လူးနေတယ်၊ အဲဒီ နှစ်ခုမှာ ဟိုဖက်က မီရဲရဲ ဖြစ်နေတယ်၊ ကိုင်ရင် လောင်မယ်၊ အခြားတစ်ဖက်ကို ကိုင်ရင် မစင်လူးမယ်၊ လောင်မယ်နဲ့ မစင်လူးမယ်ပေါ့၊ ဘယ်ဟာ ကိုင်မတုန်း၊ မစင်လူးမှာ ကြောက်တော့ ဟိုဖက်ကိုလည်း မကိုင်ဘူး၊ လောင်မှာ ကြောက်တော့ ဒီဖက်ကိုလည်း မကိုင်ဘူး၊ မကိုင်ဘဲနဲ့ ရှောင်ကြဉ်တာ၊
အဲဒီတော့ ဟိရီဆိုတာ မစင်လူးမှာ ကြောက်တာနဲ့ အတူတူပဲ၊ သြတ္တပ္ပဆိုတာ လောင်မှာ ကြောက်တာနဲ့ အတူတူပဲ။ နောက်ဆုံးမှာ မကောင်းမှုအလုပ်ကို မလုပ်ဖြစ်တာ အဓိကပဲလို့ ဆိုတယ်၊ ဒါကြောင့်မို့ ဒီ ဟိရီ,သြတ္တပ၌ တရားနှစ်ခုဟာ ကိုယ့်သန္တာန်မှာ မရှိသေးရင် ရှိအောင်လုပ်ရမယ်။
ဟိရီ, သြတ္တပ္ပ မရှိတော့ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အရှက်မဲ့တဲ့ ပုဂ္ဂိုလ်ဘဝရောက်ပြီး အဟိရိက၊ အနောတ္တပ္ပတွေ လွှမ်းမိုးခံရတယ်၊ I don’t care ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုပြီး အရပ်ထဲလုပ်ချင်ရ လုပ်တာတို့၊ ပြောချင်ရာ ပြောတာတို့၊ ဖြစ်ကုန်တတက်တယ်၊ ဒါကြောင့်မို့ ဟိရီ, သြတ္တပ္ပဆိုတာ လူတော် လူကောင်းဖြစ်ဖို့ အတွက် ရေးကြီးတယ်လို့ ဒီလို ပြောတယ်။
အဲဒီတရားနှစ်ခုသည် စိတ်ကို ဖြူစင်စေတက်တဲ့ တရားနှစ်ခုဖြစ်တယ်၊ အဟိရိက အနေတ္တပ္ပတဲ့ တရားနှစ်ခုကို ဖယ်ရှားပစ်နိုင်တဲ့ သဘောရှိတယ်၊ ဒါကြောင့်မို့ စိတ်ဖြူစင်မှုရဲ့ အင်အားစုထဲမှာလည်းပဲ ရှေ့တန်းကရှိတဲ့ တရားနှစ်ခုလို့ ပြောရမယ်။
ပါချုပ်ဆရာတော်ကြီး

No comments:
Post a Comment