Thursday, January 9, 2014

သရေခေတ္တရာ အပါအဝင် ပျူမြို့ဟောင်းများ ကြီးကြပ်ညှိနှိုင်းရေး ပဉ္စမအကြိမ် ညှိနှိုင်း စည်းဝေး



နေပြည်တော် ဇန်န၀ါရီ ၇

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ဖွဲ့စည်းထားသော ပျူမြို့ဟောင်းများ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီ (Pyu Ancient Cities Coordinating Committee) (PYUCOM) ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်၌ ကျင်းပရာ ပျူရှေးဟောင်းမြို့များ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီနာယက ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ပျူရှေးဟောင်း မြို့ သုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ ရွေးချယ် သတ်မှတ်ပေးသော အကြံပေးအဖွဲ့ (ICOMOS) မှ ကျွမ်းကျင် ပညာရှင်သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းတွင် လာရောက် စစ်ဆေးမည်ဖြစ်ပြီး ကြိုတင်စီစဉ် ဆောင်ရွက်ထားရမှုများနှင့် သုတေသနလုပ်ငန်းများ၊ ထိန်းသိမ်းရေး လုပ်ငန်းများ၊ ပြတိုက်ဆိုင်ရာ လုပ်ငန်းများနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကို ဆွေးနွေးကြသည်။ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် လူသိများထင်ရှားသည့် (Maha Lawkamarazein or Kuthodaw Inscription Shrines) ကုသိုလ်တော် ကျောက်စာတွင် ကျောက်စာချပ်ပေါင်း ၇၂၉ ချပ်ရှိပြီး ဗုဒ္ဓပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ထားခြင်းဖြစ်သည်။ ယင်းကျောက်စာများကို ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးက စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမွေအနှစ်ကို တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ၂၀၁၃ ခုနှစ် ဇွန် ၁၈ ရက်မှ ၂၁ ရက် အထိ ကျင်းပသည့် အစည်းအဝေးတွင် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က သဘောတူအတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ် UNSECO Memory of the World စာရင်းတွင် ထည့်သွင်း အတည်ပြုခဲ့ခြင်းသည် မြန်မာနိုင်ငံ အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပျူခေတ် မြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment