Published on: January 7, 2014
လက်ရှိတရားစီရင်ရေးနှင့် လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက် မခိုင် (ခ) နော်ခိုင်ခိုင်အေးချိုအား သတင်းရယူမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာဆရာများကွန်ရက်(Myanmar Journalist Network)က ဇန်န၀ါရီ ၇ ရက်တွင် ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး ထိုသို့ဆန္ဒဖော်ထုတ်မှုအပေါ် ရှေ့နေများကွန်ရက် အပါအ၀င် ကွန်ရက် ၆ ခုမှ ပူးပေါင်းအားဖြည့် သွားမည်ဖြစ်ကြောင်း သိရသည် ။
မြန်မာနိုင်ငံ သတင်းစာဆရာများ ကွန်ရက်သို့ ရှေ့နေများကွန်ရက်၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်၊ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ဇီးကုန်းပြည်သူ့ အကျိုးဆောင်ကွန်ရက်၊ နတ္တလင်း ပြည်သူ့အကျိုးဆောင် ကွန်ရက်နှင့် တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်တို့မှ လာရာက်ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဒလဦးမြင့်သိန်းက ဆိုသည်။
သတင်းထောက်မခိုင်၏ ဖြစ်ရပ်အပေါ် သုံးသပ်ကြည့်မည် ဆိုပါက တရားစီရင်ရေး အပိုင်းအား အုပ်ချုပ်ရေးပိုင်းမှ လွှမ်းမိုးထားမှုမှာ သိသာထင်ရှားနေကြောင်း၊ ဥပဒေဘောင်အတွင်းမှ မခိုင်လွတ်မြောက်ရေး ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ သတင်းစာဆရာများ ကွန်ရက်က ဆန္ဒဖော်ထုတ်ရသည့် အဓိကအကြောင်းရင်းမှာ မခိုင်အပေါ် ထောင်ဒဏ်သတ်မှတ်သည့် ပုဒ်မများနှင့် သာမန်ပြည်သူများအား ထောင်ဒဏ်ချမှတ်လေ့မရှိဘဲ သတင်းထောက်တစ်ဦးက ပြည်သူများ၏ သတင်းသိရှိခွင့်အတွက် လုပ်ဆောင်နေစဉ် ထောင်ဒဏ်ချမှတ် ခဲ့ခြင်းကြောင့် လက်ရှိတရားစီရင်ရေးအပေါ် ပြန်လည်သုံးသပ်ရန် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့သတင်း သိရှိမှုအတွက် လုပ်ဆောင်နေသည့် သတင်းသမား လွတ်လပ်ခွင့်နှင့် သတင်းစာ လွတ်လပ်ခွင့်အတွက် ဦးတည်ပြုလုပ်မည့် မြန်မာနိုင်ငံ သတင်းစာ ဆရာများ ကွန်ရက်၏ ဆန္ဒဖော်ထုတ်မှုအတွက် ကျောက်တံတား၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေနှင့် ဒဂုန်မြို့နယ်များသို့ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းများမှ ခွင့်ပြုချက် ရရှိထားသော်လည်း ရဲစခန်းများအလိုက် ခွင့်ပြုသည့် လူအင်အားမှာ ကွာဟချက် ရှိနေကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်သံများအဖြစ် “သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု... အလိုမရှိ၊ လွတ်လပ်စွာ သတင်းရယူခွင့်ပြုရေး... ဒို့အရေး၊ မှန်ကန်တဲ့ တရားစီရင်ရေး... ချက်ချင်းလုပ်ဆောင်ပေး” စသည့် ကြွေးကြော်သံများအား မြို့နယ်ငါးမြို့နယ် တစ်လျှောက် ကြွေးကြော်မည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိသည့် ကြာမြင့်ချိန်မှာ နံနက် ၉ နာ ရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment