Friday, January 10, 2014

“ပထမဈာန်သမာဓိ”



ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၄ ခုနှစ်

အဲဒီလို လေ့ကျင့်လိုက်တဲ့အချိန်အခါမှာ သမာဓိက ငြိမ်ဝပ်စွာ ကပ်ပြီးတည်
နေပြီး တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ, တစ်မိနစ်အဓိဋ္ဌာန်ရင် တစ်မိနစ်ရပြီ၊
နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ရပြီ၊ အဓိဋ္ဌာန်တဲ့အတိုင်း အောင်မြင်မှုရှိနေပြီ
ဆိုရင်တော့ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဈာန်အင်္ဂါကို ဆင်ခြင်လို့
ရပြီ

အားထုတ်စပုဂ္ဂိုလ်သည် ဈာန်အင်္ဂါ ဆင်ခြင်မှု နည်းပါစေ၊ ၀င်စားမှု များပါစေ
လို့ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက (၀ိသုဒ္ဓိ-၁-၁၄၈။ မဟာဋီ-၁-၁၇၈။) သတ်မှတ်ပေး
ထားတယ်။ အားထုတ်စပုဂ္ဂိုလ် အခုလို နိမိတ်ရစပုဂ္ဂိုလ်က နိမိတ်အပေါ်မှာ
ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တစ်နာရီ, နှစ်နာရီ စသည်ဖြင့် တည်နေ
အောင် လေ့ကျင့်ပေးရတယ်၊ အဲဒီလို လေ့ကျင့်တဲ့လုပ်ငန်းကို ‘စိုက်စိုက်စူးစူး
အထူးမြဲမြံ ရှုအားသန် ဈာန်ဟုခေါ်သတတ်’- ဒီလို လယ်တီဆရာတော်ဘုရား
က မိန့်ဆိုထားတယ်၊ အာရမ္မဏူပနိဇ္ဈာနဈာန်လို့ ခေါ်ပါတယ်။

အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်
စိုက် စူးစူးနှင့် မြဲမြဲမြံမြံ တည်တံ့နေအောင် စိတ်ကလေးကို တည်ပြီးကပ်နေ
အောင် ရှုနေတဲ့လုပ်ငန်းဖြစ်လို့ ဒါကို ဈာန်လို့ ခေါ်တယ်။

မြေလျှိုး မိုးပျံနေတာကို ဈာန်လို့ခေါ်တာ မဟုတ်ဘူး၊ မြေလျှိုး မိုးပျံတဲ့လုပ်ငန်း
ကတော့ အဘိညာဏ်နှင့် ဆိုင်တယ်၊ အဲဒါက အဘိညာဏ်ပိုင်း။ အခုပြောနေ
တာက ဈာန်ပိုင်းပဲ၊ အဲဒီတော့ ဈာန်ဝင်စားမှုများရမယ်၊ ဈာန်အင်္ဂါကို ဆင်ခြင်
တာ နည်းရမယ်။ ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ အနည်းဆုံး
လေး ငါး ဆယ်ထိုင်လောက် ဘာဝနာစိတ်က အဓိဋ္ဌာန်တဲ့အတိုင်း တစ်နာရီ
အဓိဋ္ဌာန်ရင် တစ်နာရီ, နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေ
ပြီဆိုရင်တော့ ထိုပုဂ္ဂိုလ်ဟာ ဈာန်အင်္ဂါကို ဆင်ခြင်နိုင်တယ်။ သို့သော် မှတ်
ကျောက်တစ်ခုကတော့ အဲဒီ အာနာပါနပဋိဘာဂနိမိတ်မှာ တစ်နာရီ အဓိဋ္ဌာန်
ပြီး တစ်နာရီထိုင်လိုက်လို့ တစ်နာရီလုံး စိတ်ကကပ်နေတယ်ဆိုရင် အဲဒီအချိန်
မှာ မိမိက ဘေးအသံတွေကို ကြား-မကြား နည်းနည်း အကဲခတ်ကြည့်ပါ။

ကြားနေသေးတယ်ဆိုရင်တော့ ဒီဈာန်သည် ဆက်တိုက် မရသေးဘူး၊ ကြို
ကြား ကြိုးကြား ဈာန်က လျှောလျှောနေတဲ့သဘော ရှိတယ်၊ ဆက်တိုက်
ရပြီ၊ ဘာသံမှလည်း မကြားတော့ဘူး၊ အလွန် ကြည်လင်တောက်ပနေတဲ့
အာနာပါနပဋိဘာဂနိမိတ်ကလေးနှင့် မိမိရဲ့ဘာဝနာစိတ် ဒီနှစ်ခုပဲရှိတော့တယ်
လို့လည်း သိနေပြီ၊ ဘာဝနာစိတ်ကလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ
မှာပဲ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာပဲ
ဘာဝနာစိတ်က နစ်မြုပ်နေပြီဆိုရင်တော့ ထိုအချိန်အခါမှာ ဈာန်အင်္ဂါကို
ဆင်ခြင်လို့ ရနိုင်ပါပြီ။

ဒီဈာန်အင်္ဂါတွေက ဘယ်မှာဖြစ်သလဲလို့မေးတော့ ရှုနေတဲ့ယောဂီပုဂ္ဂိုလ်ရဲ့
နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဟဒယ၀တ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပါတယ်၊
ဒီလို ဖြစ်ပေါ်သွားတဲ့အတွက် ထိုယောဂီပုဂ္ဂိုလ်က ဈာန်အင်္ဂါကို ဆင်ခြင်တယ်
ဆိုလို့ရှိရင် ဟဒယ၀တ္ထုရုပ် ရှိရာဘက်ကို ခဏခေတ္တ လှမ်းအာရုံစိုက်ရတယ်၊

ဥပမာ --- တစ်နာရီလောက် အာနာပါန ပဋိဘာဂနိမိတ်အာရုံမှာ ဘာဝနာ
စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေပါစေလို့ အဓိဋ္ဌာန်လိုက်တယ်၊ အဓိဋ္ဌာန်
ပြီးတဲ့အခါ တစ်နာရီပြည့်တဲ့အခါကျတော့မှ ဟဒယ၀တ္ထုရုပ်ရှိရာနှလုံးအိမ်
ဘက်ကို လှမ်းပြီး ကြည့်ရတယ်၊ တစ်နာရီ မပြည့်သေးရင်တော့ မကြည့်နဲ့၊
နောက်တစ်ခု ဒီအပိုင်းမှာ သတိထားရမည့်အချက်ကတော့ ဒီအာနာပါန
ပဋိဘာဂနိမိတ်ကို အာရုံယူနေတဲ့အပိုင်းမှာ ဈာန်မဆိုက်ခင်အပိုင်းလေးကို
တော့ ဥပစာရသမာဓိနယ်မြေလို့ သတ်မှတ်ပါတယ်၊ ဈာန်ဆိုက်သွားတဲ့
အပိုင်းကိုတော့ အပ္ပနာသမာဓိနယ်မြေလို့ သတ်မှတ်ပါတယ်၊ ဒီလို သမာဓိ
နှစ်မျိုးကို ခွဲခြားသတ်မှတ်ထားတော့ ဥပစာရသမာဓိနယ်မြေအပိုင်းကလေး
မှာ ခဏ ခဏ ဘ၀င်ကျနေတတ်တယ်။

ဘ၀င်ဆိုတာကတော့ အတိတ်ဘ၀ သေခါနီးကာလ မရဏာသန္နဇောက ယူ
ထားတဲ့ အာရုံကိုသာ လှမ်းသိတယ်၊ ပစ္စုပ္ပန် ယခုလက်ရှိရှုနေတဲ့အာရုံ ဆိုရင်
တော့ ဘာအာရုံမျှကို မသိဘူး၊ အခု အာနာပါနပဋိဘာဂနိမိတ်ကို ရှုတယ်၊ အဲ
ဒီနိမိတ်ကိုလည်း မသိတော့ဘူး၊ ပစ္စုပ္ပန်အာရုံဆိုလျှင် ဘယ်အာရုံကိုမှဘာမှ မ
သိတော့ဘူး၊ အဲဒီ ဘာမှမသိတဲ့ ဒီစိတ်က အတိတ်မရဏာသန္နဇောရဲ့အာရုံကို
တော့သိတယ်၊ ပစ္စုပ္ပန်အာရုံမှန်သမျှသာ မသိတာ၊ အဲဒီ ဘာမှမသိတဲ့ စိတ်က
လေးတွေကို ဘ၀င်လို့ ခေါ်တယ်။ ဘယ်ကမ္မဋ္ဌာန်းနှင့်ပဲ ရှုရှုပေါ့လေ၊

များသောအားဖြင့် သမာဓိအတော်အသင့် ဖြစ်လာရင်တော့ နည်းနည်း ဒီ
ဘ၀င်ကျမှုကလေးတွေတော့ ဖြစ်တတ်ပါတယ်။ အဲဒီ ဘ၀င်ကျနေတာကိုပဲ
မဂ်ဆိုက်ပြီ ဖိုလ်ဆိုက်ပြီလို့ ယူဆရင်တော့ လမ်းဆုံးသွားပြီ၊ သာသနာနှင့်
တွေ့တာ ဘ၀တစ်ခု ရှုံးသွားတာပဲ၊ မဂ် ဖိုလ် နိဗ္ဗာန်နှင့် အဝေးကြီး ရှိသေး
တယ်၊ ရုပ်နာမ်တောင် မသိသေးတဲ့အဆင့်ပဲ ဖြစ်ပါသေးတယ်။

ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်
နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေပြီဆိုလို့ရှိရင် ထိုယောဂီပုဂ္ဂိုလ်
က ဘာလုပ်ရမလဲ? - ဟဒယ၀တ္ထုရှိရာဘက်ကို မိမိအဓိဋ္ဌာန်ထားတဲ့ တစ်
နာရီပြည့်တဲ့ အချိန်အခါလောက် ဆြိုကစို့၊ အဲဒီအချိန်လောက်မှာ လှမ်းပြီး
ကြည့်ရတယ်၊ အဲဒီလို လှမ်းပြီးကြည့်လိုက်ရင် အိမ်ရှင် ဘ၀င်မနောအကြည်
ဓာတ်ကို တွေ့နိုင်ပါတယ်၊ ဒီဘ၀င်အကြည်ဓာတ်ကို မနောဒွါရလို့ ခေါ်တယ်။
အဲဒီဘ၀င်မနောအကြည်ဓာတ်မှာ အလွန်ကြည်လင်တောက်ပနေတဲ့ အာနာ
ပါနပဋိဘာဂနိမိတ်အာရုံက ရှေ့ရှုကျရောက်နေတဲ့အခါ ထင်နေတဲ့အခါမှာ
အဲဒီဒွါရနှင့် အာရုံကို ပူးတွဲသိမ်းဆည်းပြီး ဈာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်
လိုက်လို့ရှိရင် ၀ိတက်, ၀ိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ ဈာန်အင်္ဂါ
ငါးပါးကို ထင်ထင်ရှားရှား တွေ့လိမ့်မယ်။

ဖားအောက်တောရဆရာတော်
(အာနပါနကျင့်စဉ်မှ ဝိပဿနာသို့)
Buddhavasa Tiloka
Like · ·

No comments:

Post a Comment