Wednesday, March 5, 2014

"သာသနာ၊ သာသနာပြုလုပ်ငန်း ၊သာသနာပြုတို့ ထားရှိရမည့် သဘောထား"


**************************************************************
သာသနာ့ဝန်ထမ်းသားတို့ဦးစွာ သိရှိထားရမည့် ပိုင်းကြီးကား သုံးပိုင်းဖြစ်ချေသည်။
၁။ သာသနာ
၂။ သာသနာပြုလုပ်ငန်း
၃။ သာသနာပြုတို့ထားရှိရမည့် စိတ်နေသဘောထားတည်း။
၁။ သာသနာဟူသည် ဘုရားရှင်၏ မကောင်းရာကို တားမြစ်၍ ကောင်းရာကိုသာ လမ်းညွှန်မှုပေးထားသော အဆုံးအမစကားများတည်း။ ထိုအဆုံးအမတော် စကားများသည်ကား အကျယ်အားဖြင့် ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်မျှအထိ ကျယ်ဝန်းများပြားလှပေ၏။ အကျဉ်းအားဖြင့်သော်ကား
၁။ သီလသာသနာ- ကျင့်စဉ်မှန်ကန်စေရန် ဆုံးမထားသောစကား။
၂။ သမာဓိသာသနာ- ကျင့်စဉ်၌ စိတ်တည်စေရန် ဆုံးမထားသောစကား။
၃။ ပညာသာသနာ- ကျင့်စဉ်၌ ကွဲပြားစေရန် ဆုံးမထားသော စကား
ဤသိက္ခာသုံးရပ် အကျင့်မြတ်တို့သည်ကား သာသနာပင်ဖြစ်၏။

၂။ သာသနာပြုလုပ်ငန်းဟူသည်
ထိုသိက္ခာသုံးပါး ကျင့်စဉ်တရားများကို ကိုယ်တိုင်ကလည်းကြံ၊ ကျင့်၊ သိဟူသော အဆင့်သုံးဆင့်အတိုင်း
(က)။ ဦးစွာ ပရိယတ်ဖြင့် ကျက်၊ အံ၊ ကြံသိခြင်း သို့မဟုတ် နာခံမှတ်သားခြင်း၊ တွေးတောဆင်ခြင်ခြင်း။
(ခ)။ ထိုနောက် ပဋိပတ်ဖြင့် လက်တွေ့ကျကျ ကိုယ်တွင်းမှ ရှာဖွေခြင်း။
(ဂ)။ ပဋိဝေဓဖြင့်ကား စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်မိစေသောအားဖြင့် ကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်ဖြင့် သစ္စာသို့ ဆိုက်စေခြင်းတည်း။
(သို့မဟုတ်)
နည်းမှန် လမ်းမှန်ကို ဆရာ့ထံမှ နိသျရည်းကျကျ နာခံမှတ်သားခြင်း။
ထိုမှတ်သားပြီးအတိုင်း ကိုယ်တိုင်ကျင့်ကြည့်ခြင်း။
ကိုယ်တိုင်ကျင့်သည့်အတိုင်း ကိုယ်တိုင်သိ၍ ကိုယ်ပိုင်ရှိခြင်းတည်း။
ထိုသို့ သဘာဝအရှိ ကိုယ်တိုင်လမ်းသိပြီးသောအခါ
မိမိသိသကဲ့သို့ တစ်ပါးသူကိုလည်း သိကြပါစေရန်။
မိမိမှာရှိသကဲ့သို့ တစ်ပါးသူတို့၌လည်း ရှိကြပါစေရန်။
ဤဖြူစင်သော အရင်းခံစေတနာ၊ မေတ္တာ ကရုဏာများဖြင့် ဘုရားရှင်၏ သာသနာတော်ကြီးလည်း နေအရောင် လအရောင်ကဲ့သို့ တောက်ပစေ၊ ဘုရားသားတော် (သမီးတော်) ဝေနေယျအဖော်တို့လည်း မိစ္ဆာမဂ္ဂင်လို့ခေါ်တဲ့ မှားယွင်း မည်းညစ် ကောက်ကွေ့သောလမ်းမှ သွေဖယ်၍ သမ္မာမဂ္ဂင်လို့ခေါ်တဲ့ မှန်ကန် ဖြူစင် ဖြောင့်တန်းသောလမ်းပေါ်သို့ ရောက်စေခြင်း၊ ထိုမှ သံရာတည်းဟူသော ဝဲသြဃရေအလျဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းပေါ်သို့ တက်နိုင်စေဟူသော ပြုစုပျိုးထောင်မှုသည်ကား သာသနာပြုလုပ်ငန်းဖြစ်ချေသည်။

အမျိုးသားရေး နယ်ပယ်ကမူ ထိုမှတစ်ဖန် ဘုရားသားတော်(သမီးတော်)များ၏ သားစဉ်မြေးဆက် မိစ္ဆာမျိုးခြားများ၏ ဝါဒမှိုင်းအောက်မှ ကင်းလွတ်စေရန် ၊ သားစဉ်မြေးဆက် လူကလူကိုဝါးမြိုခံရမည့် အန္တရာယ်မှကင်းစေရန်၊ မိစ္ဆာမျိုးခြားတို့၏ မူလဘူတ ဇာတိရုပ်ကို ထင်ထင်သာသာ ကွင်းကွင်းကွက်ကွက် သိရှိစေရန်၊ သိသည့်အားလျော်စွာရှောင်ရှားနိုင်ရန် ကိုယ်တိုင်လည်း သိအောင် လေ့လာရမည်၊ ကိုယ်သိသည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင်များအား ပြန်လည် ဟောပြောပြုစုပျိုးထောင်ပေးရမည်။ ဤလုပ်ဆောင်မှုသည်လည်း သာသနာပြုလုပ်ငန်းပင်ဖြစ်ချေသည်။ သို့မှသာ ဗုဒ္ဓဘာသာဝင်များ ရှောင်သင့်သည့် မိစ္ဆာများကိုရှောင်ခြင်းဖြင့်လည်းကောင်း၊ ဆောင်သင့်သည့် အရာများကိုဆောင်ခြင်းဖြင့် လည်းကောင်း ဟန်ချက်ညီညီ ရှောင်ရန် ဆောင်ရန်များကို လက်ကိုင်ထားနိုင်ပါမှ ဗုဒ္ဓသာသနာသည်လည်းကောင်း၊ ဗုဒ္ဓသားတော်(သမီးတော်)တို့သည်လည်း မိစ္ဆာမျိုးခြားတို့၏ အန္တရာယ်မှကင်းလွတ်ကာ စည်ပင်ဝပြောမည်ဖြစ်ပါတယ်။ သို့မှသာ နိဗ္ဗာန်ကိုညွှန်ပြပေးသော တရားတော်များကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးခွင့်ရကြမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ဗုဒ္ဓသာသနာသည်လည်း နေအရောင် လအရောင်ကဲ့သို့တောက်ပပြီး ဘုရားသားတော် သမီးတော် ဝေနေယျအပေါင်းတို့သည်လည်း နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ တက်နိုင်မည်ဖြစ်တော့သည်။

သာသနာပြုတို့ထားရှိရမည့် သဘောထားအား ဆက်လက်ရေးသားသွားပါမည်။

ဓမ္မမိတ်ဆွေ(ဗုဒ္ဓဘာသာဝင်) များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Like · · · 8 hours ago ·

No comments:

Post a Comment